Popular Posts

Sunday, November 30, 2014

ပွိုင့် ၄၅၆၁ ပေါ်မှ အမြောက် သူရဲကောင်း များ


မူဆယ် မြို့နယ် လားရှိုး - မူဆယ် လမ်းမကြီးပေါ်ရှိ မုန်းယု (၁၀၅) မိုင်မှ အနောက်ဖက် ၂ မိုင်ခန့် အ ကွာ တွင် တောင်ကုန်း သုံးလုံး ကို မြင် နိုင် ပါသည်။ ထို တောင်ကုန်း သုံးလုံး အနက် မြောက်ဘက် အ စွန် ကုန်း မှာ အမြင့် ဆုံး ဖြစ်ပြီး မူဆယ် စစ်မျက်နှာ အတွက် အရေးပါ ဆုံးသော စိုးမိုးကုန်း လည်း ဖြစ်လေ သည်။ ဗမာပြည် ကွန်မြူနစ် ပါတီ ၏ ရွှေရောင် တောက်သော နေ့ရက် များ ဖြစ်သည့် ၁၉၇၀ ပြည့်နှစ် မှ ၁၉၈၀ ပြည့်နှစ် များ ကြား တစ်ခု သော နှစ် တစ်နှစ် တွင် အဆို ပါ တောင် ကုန်း လေး ပေါ် ၌ မြန်မာ့ တပ်မတော် အမြောက် တပ်ဖွဲ့ သားများ သည် ညီနောင် ခြေလျင် တပ်များ နည်း တူ မိမိ တို့ အသက် ခန္ဓာ အား စိုးစိမျှ မငဲ့ကွက် ပဲ နိုင်ငံ နှင့် လူမျိုး အတွက် ရက် ရက် ရောရော ပေး လှူ သွားခဲ့ ကြကြောင်း ပြောပြ လို ပါသည်။

၁၉၇၄ - ၇၅ ခုနှစ် တွင် ဗမာ ပြည် ကွန်မြူနစ် ပါတီ ၏ အရှေ့မြောက် စစ် ဒေသ တပ်များ အား မြန်မာ့ တပ်မတော် မှ အရှေ့ မြောက် ပိုင်း တိုင်း စစ် ဌာနချုပ် နယ်မြေ အတွင်း အမှတ် (၉၉) ခြေမြန် တပ်မ ဖြင့် ရင်ဆိုင် ထိန်းချုပ် ထား ခဲ့ရာ မူဆယ် စစ် နယ်ဝှမ်း တွင် အမှတ် (၉၉) ခြေမြန် တပ်မ ဌာနချုပ် လက်အောက်ခံ တပ်ရင်း ဖြစ်သော အမှတ် (၄) ခြေလျင် တပ်ရင်း မှ စခန်းထိန်း တာဝန် ယူ ခဲ့သည်။ ထို တိုက်ပွဲဝင် ခြေလျင် တပ်များ အား ပစ်ကူ ပေးရန် တာဝန် ကို အမှတ် (၃) အမြောက် တပ်ရင်း (တင့်ကား ပစ်) အမှတ် (၃၀၇) တပ်ခွဲ တပ်စု (ခ) မှ ထမ်းဆောင် ခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ကြီး သောင်းမြင့် ဦးစီး အမြောက် တပ်စု သည် ၁၉၇၄ ခုနှစ် ၏ နောက်ဆုံး လ ဒီဇင်ဘာ ၆ ရက်နေ့ တွင် ပွိုင့် ၄၅၆၁ သို့ ရောက်ရှိ တာဝန် ထမ်း ဆောင် ကြသည်။ ၇၆ မီလီ မီတာ တောင်ပေါ် ပစ် အမြောက် ၄ လက် ရှိပြီး တပ်စု အင်အား မှာ အရာရှိ ၁ ဦး စစ်သည် ၃၅ ဦး ပါရှိ သည်။ ထို့ပြင် အမြောက် စခန်း လုံခြုံရေး အတွက် အမှတ် (၄) ခြေလျင် တပ်ရင်း မှ ဒု တပ်ရင်းမှူး ဦးစီး တပ်စု တစ်စု ပေးထား သည်။ ဗမာပြည် ကွန်မြူနစ် ပါတီ ၏ တပ်မဟာ (၂) မှူး ထွန်းတင် ဦးစီး လက်အောက်ခံ တပ်ရင်း ၁၀၇/ ၃၀၃၁ / ၃၀၃၃ / ၃၀၃၇ တို့သည် အင်အား ၁၀၀၀ ကျော် စုဖွဲ့ ကာ မူဆယ် မြို့သိမ်း စီမံချက် ကို ရေးဆွဲ ခဲ့ကြ ခြင်း ဖြစ်သည်။ ထို စုဖွဲ့မှု ကို အချိန်မီ သိရှိ လိုက်ခြင်း မရှိ ပဲ ဇန်န၀ါရီ ၁၉ ရက် မှ သာ ဗမာ ပြည် ကွန်မြူနစ် ပါတီ တပ် အင်အား ၁၀၀၀ ခန့် မုန်းပေါ် မှ တောင်ဘက် သို့ဆင်းလာ ကြောင်း သတင်း ဖေါ်ထုတ် ရ ရှိ ခဲ့သည်။

ဇန်န၀ါရီ ၂၀ ရက် နေ့ ပန်ဆိုင်း ဈေးနေ့ တွင် မွန်းလွဲ ၂ နာရီ ခန့် ၌ ဈေးပြန် များနှင့် အတူ ပါလာ သော မျက်နှာ စိမ်း မိန်းကလေး ၂ ဦး အား စစ်ကြော ရာ မှ ဗမာပြည် ကွန်မြူနစ် ပါတီ တပ်များ ၏ မူဆယ် မြို့ နှင့် ပွိုင့် ၄၅၆၁ တိုက်ပွဲ စီမံချက် ကို သိရ သည်။ နှုတ်ဖြင့် သာ စစ်ကြော ခြင်း ဖြစ်သော ကြောင့် လက်ပါ စစ်ကြော ခြင်း လောက် မြန်ဆန် မှု မ ရှိပဲ ထွက်ဆို ချက် ပေးသော နံနက် ၃ နာရီ တွင် မူ န နာရီ ထိုးရန် မိနစ် ၁၅၀ သာ လိုပေ တော့ သည်။

၂၁ ဇန်န၀ါရီ ၁၉၇၅ ခုနှစ် ၀၅၃၀ နာရီ ခန့် တွင် ဗမာ ပြည် ကွန်မြူ နစ် ပါတီ တပ်များ သည် မူဆယ် ခံစစ်စည်း ၏ ရှေ့ပိုင်း ခလရ (၄) စခန်း များ ကို ရှောင်ကွင်း ပြီး အမှတ် (၃) အမြောက် တပ်ရင်း (တင့်ကား ပစ်) အမှတ် (၃၀၇) တပ်ခွဲ တပ်စု (ခ) အခြေ ပြု ရာ ပွို င့် ၄၅၆၁ အမြောက် စခန်း ကို အင်အား ၅၀၀ ခန့်ဖြင့် တိုက်ခိုက် ခဲ့ ပါတော့ သည်။ အမြောက် စခန်း တောင်ဘက် ကိုက် ၁၅၀ ခန့် ကွာ ခလရ (၄) မှ တပ်စိတ် တစ်စိတ် တည်းသာ ရှိသော သွေး သောက် ကုန်း ကို သာလွန် ပစ်အား သာလွန် လူအား ဖြင့် တိုက်ခိုက် ရာ ထို တပ်စိတ် မှာ ၁၀ မိနစ် ခန့်သာ ခုခံ နိုင်ပြီး အမြောက် စခန်း ဘက်သို့ ဆုတ်ခွာ ခဲ့ကြ ရ သည်။

ရန်သူ သည် စခန်း တွင်း သို့ ရောနှော ၀င်ရောက် နိုင်ရန် မိမိ စစ်သည် များ နောက်မှ ကပ်လျက် လိုက်ပါ လာရာ အမြောက် စခန်း ပတ်လည် ပစ်ကျင်း များ တွင် နေရာ ယူ ထားသော အမြောက် စစ်သည် များ မှ ဆုတ်ခွာ လာသည့် ခြေလျင် စစ်သည် များ ကို ပစ်ကွင်းမှ ရှင်းအောင် ဖယ်ခွာ ကြရန် သတိပေး အော်ဟစ် ပြီးသည် နှင့် လက် တစ်ကမ်း တိုက်ပွဲ ကို ဆင်နွဲ ကြ လေတော့ သည်။ ထို အချိန် အတော အတွင်း တပ်စုမှူး ဦးစီး မှုဖြင့် ၇၆ မမ အမြောက် ၃ ချက် ပြန်လည် ပစ်ခတ် နိုင် ခဲ့ပြီး တပ်စုမှူး အခြား ဘက် သို့ သွားရောက် ကွပ်ကဲ စဉ် တပ်သား သန်းအေး နှင့် တပ်သား သန်းစိုး တို့ သည် ရန်သူ့ လက်နက်ကြီး လက်နက် ငယ် ကျည် များ ကျရောက် ပေါက်ကွဲ နေသည့် ကြား မှ အကြိမ်ကြိမ် ကျားထိုး တိုက်ခိုက် ရန် တန်းစီ နေသော ရန်သူ များ နှင့် ကျားထိုး တိုက်ခိုက် လာသော ရန်သူ များ ကို ၇၆ မမ အမြောက် ဖြင့် ၄ ချက် ထပ်မံ ပစ်ခတ် ချေမှုန်း သုတ်သင် နိုင်ခဲ့ သည်။

အမြောက် စစ်သည် တော် ၃၆ ဦး သည် ရန်သူ အင်အား ၅၀၀ ကျော် ကို ၃ နာရီ ခန့် ခုခံ တိုက်ခိုက် ပြီးချိန် တွင်မူ တပ်ကြပ်ကြီး ကျော်မင်း တပ်ကြပ်ကြီး တင့်လွင် တပ်ကြပ် ဇာလီ ယာလား ဒုတပ်ကြပ် မောင်မြင့် တပ်သား သံချောင်း တပ်သား ကျော်ဝင်း တပ်သား လှမြင့် တပ်သား မြ၀င်း တပ်သား တင်ထွဋ် တပ်သား စောလွင် တပ်သား ကျော်ထွန်း တပ်သား စန်းမောင် တပ်သား မြမင်း တို့ ရန်သူ့ လက်နက် ငယ် ထိမှန် ကျဆုံး သွားကြ ပြီ ဖြစ်သည်။ အမြောက် တပ်စု ၏ တစ်ဝက် နီးပါး ကျ ဆုံး သွားကြ ခြင်း ဖြစ်ရာ ခံစစ် စည်း ကျိုးပေါက် ပြီး အမြောက် ပစ် ကျင်း ပေါ် သို့ ရန်သူ များ ရောက်ရှိ လာတော့ သည်။ အမြောက် ကျင်း ရှိ တပ်သား သန်းအေး သည် အမြောက် အား စွန့်ခွာ သွားခြင်း မရှိပဲ သူ၏ လက်နက် ငယ် ဖြင့် ရဲဝံ့ စွာ ခုခံ ပစ်ခတ် ခဲ့သည်။ ကျည်ကုန် သွားချိန် ၌ ရန်သူ အား လုံးထွေး သတ်ပုတ် တိုက်ခိုက် ခဲ့ပြန် သည်။ တပ်သား သန်းအေး အား ရန်သူ မှ လူ အင်အား များပြား စွာ သုံး၍ ၀ိုင်းဝန်း လုံးဖိ သတ်ဖြတ် လေသည်။ တပ်သား သန်းအေး ၏ ဦးခေါင်း အား သေနတ် ဒင် ဖြင့် ထုရိုက် ကြ သည်။ မျက်နှာအား မြေကြီးဖြင့် ဆွဲဆောင့် ဖိသတ် ခြင်း ခံရ ချိန်တွင် ပင် တပ်သား သန်းအေး သည် ရန်သူ များ လက်မှ သေနတ် များ ကို မိသည့် နေရာ ဆွဲကိုင် ထားရာ အမ် - ၂၂ (၂) လက် ၏ ကျည်အိမ် များ အား ၎င်း ၏ လက် တစ်ဖက် တစ်ချက် စီ တွင် ဆုတ်ကိုင် ထားမိ သည်။ ထို့ကြောင့် နိုင်ငံတော် အတွက် သူ့အသက် ကို စွန့်လွှတ် သွားချိန် တွင် သူ့ လက် ကို ဖြုတ် မရ တော့ ပဲ ရန်သူ မှ ကျည်အိမ် များ ကိုသာ ဖြုတ်ချန် ထားခဲ့ ရသည်။ ထိုနေ့ ညနေ တွင် စခန်း အား ခလရ (၄) မှပင် ပြန်လည် သိမ်းပိုက် ရယူ ခဲ့ချိန် ၌ တပ်သား သန်းအေး ၏ ၀ိဉာည် မဲ့ ခန္ဓာ ကိုယ် ကို ဘယ်ညာ လက် တစ်ဖက် စီ ၌ ရန်သူ့ ကျည်အိမ် ၁ ခုစီ ကိုင်လျက် သား တွေ့ရှိ ခဲ့ကြ လေသည်။

ဆယ်ဆ မက သာလွန် သော ရန်သူ အား မိနစ် ၁၈၀ ခန့် ရှိရင်း အင်အား တစ်ဝက် နီးပါး အကျ အဆုံး ခံ ခုခံ တိုက်ခိုက် အပြီး အမြောက် တပ်စု သည် ဒဏ်ရာ ရ တပ်စုမှူး နှင့် စစ်သည် ၃ ဦး အား အပါ ဆွဲ ၍ ပွိုင့် ၄၅၆၁ မှ ဆုတ်ခွာ လာခဲ့ ရ သည်။ တစ်စု တစ်စည်း တည်း ဆုတ်ခွာ လာရ ခြင်း မဟုတ် မူ၍ တပ်စု မှ လူစု ကွဲကာ တပ်သား သန်းစိုး တပ်သား မောင်မောင် တပ်သား စောရှိုရှိုး တပ်သား သုခ တို့ ရန်သူ ၏ ဖမ်းဆီး ခြင်း ခံခဲ့ ရပြန် သည်။ ဗမာပြည် ကွန်မြူနစ် ပါတီ တပ်များ ၏ တပ်မဟာ ၂ တပ်ရင်း ၃၀၃၁ တပ်ရင်း မှူး သည် ထို သုံ့ပန်း အမြောက် တပ်သား လေးများ အား ချိန်တွက် နည်းများ မေးပြီး မူဆယ် မြို့ ကို မိမိ အမြောက် များ ဖြင့် လှမ်းပစ် ကြ သည်။ အမြောက် တပ်သား လေးများ မှ ချိန်တွက် နည်း အမှန် မပြော ပဲ လွှဲပြော ခဲ့သည့် အတွက် မူဆယ် မြို့ အထိ အခိုက် မရှိ ခဲ့ ။ အစဉ် အလာ ကြီး သော ဒါးကောက် များ ကလည်း သူ တို့ လက်မှ ဆုံးရှုံး ခဲ့ ရသော ပွိုင့် ၄၅၆၁ တောင်ကုန်း အား သူတို့ လက်များ ဖြင့် သာ ပြန်လည် မရ အရ တိုက်ယူ ခဲ့ကြ ၍ စခန်း ကျ အပြီး မိနစ် ၆၀၀ အတွင်း အောင်မြင် စွာ ပြန်လည် သိမ်းပိုက် နိုင်ခဲ့ သည်။

ထိုသို့ ပြန်လည် တိုက်ခိုက် ရာ တွင် အမြောက် တပ်စု မှ တပ်ကြပ်ကြီး ကျော်သိန်း သည် ခြေလျင် စစ်သည် များနှင့် အတူ ရှေ့တန်း မှ ပါဝင် ခဲ့ပြီး ကျည်စ များ မှန်ထား ၍ ၎င်း ရန်သူ မှ ချိန်ခွက် များ ဖျက်ဆီး ထား၍ ၎င်း ပျက်စီး နေသည့် အမြောက် ၄ လက် မှ ကောင်းမွန် ရာ အစိတ် အပိုင်းခြင်း စုစည်း တပ်ဆင် ပြီး ပစ်ခတ် နိုင်သည့် အမြောက် တစ်လက် အဖြစ် ဖန်တီး နိုင်ခဲ့ သည်။ ထို့ နောက် စပယ် ကုန်း ရှိ ခွဲ (၃) ခွဲမှူး ဗိုလ်ကြီး ဘထွန်း (ယခင် အမတ (၃)မှ ပြောင်းလာ) ၏ အဝေး မှ ညွှန်ကြား ချက် ဖြင့် မော်တောင်း စခန်း သို့ ၀ိုင်းရံ တိုက်ခိုက် နေကြ သော ဗမာပြည် ကွန်မြူနစ် ပါတီ တပ်များ ကို ချိန်ခွက် မပါ မြေပုံ မရှိ အိမ်မြောင် နတ္ထိ ဖြင့် ပင် ထိရောက် စွာ ပစ်ကူ ပေး တိုက်ခိုက် နိုင်ခဲ့ သည်။

ဤ တိုက်ပွဲ အပြီး တွင် မြန်မာ့ တပ်မတော် သားကောင်း တို့ ၏ ပြင်းပြ သော စိတ်ဓါတ် အနိုင်မခံ အရှုံး မပေး သော စိတ်ဓါတ် နမူနာ ယူ လောက် သည့် စွမ်းဆောင် ချက်များ ကြောင့် တပ်သား သန်းအေး နှင့် တပ်ကြပ်ကြီး ကျော်သိန်း တို့ သူရ ဘွဲ့ ရရှိ ခဲ့ပြီး တပ်သား ကျော်ဝင်း တပ်သား လှမြင့် တပ်သား စောလွင် တပ်သား ကျော်ထွန်း တပ်သား စန်းမောင် တို့ သူရဲကောင်း မှတ်တမ်း ၀င် ဘွဲ့ ရရှိ ခဲ့လေ သည်။ တိုက်ခိုက် ရေး တပ် လက်ရုံး တပ် ဟူ၍ သာ အမည် နာမ ကွဲကြ သော်ငြား အရေး ကြုံ လာသည့် အခါ လူတိုင်း အဖို့ စွန့်နိုင် ခဲသည့် မိမိ တို့ အသက် နှင့် ခန္ဓာ အား အတွန့် အဆုတ် မရှိ စွန့်လွှတ် ကြ ရာ တွင်မူ မြန်မာ့ တပ်မတော် သား အားလုံး မှာ တပြေး ညီ သာ။

Myanmar Military Literature

No comments:

Post a Comment