Popular Posts

Sunday, November 30, 2014

မေယု ( သို့ ) H.M.S FAL


အမည် နာမ အား ဖြင့် ကဗျာ ဆန်ဆန် လှပ သော်လည်း တကယ် တမ်းတော့ မေယု ဟူသည် ကား ဒုတိယ ကမ္ဘာ စစ် အတွင်း ရေကြောင်း တိုက်ပွဲ များ တွင် ပါဝင် ခဲ့သည့် ဗြိတိသျှ တော်ဝင် ရေ တပ်မတော် မှ (RIVER CLASS) အမျိုး အစား စစ်ရေယာဉ် တစ်စီး သာ ဖြစ်ပြီး မူလ အမည် မှာ H.M.S FAL ဟူ၍။ မေယု ကို အင်္ဂလန် နိုင်ငံ၊ နယူး ကာဆယ်လ် (NEW CASTLE) မြို့ ရှိ စမစ် (SMITH) သင်္ဘော ကျင်း ဝယ် ၁၉၄၁ ခုနှစ် ဇူလိုင် လတွင် ဖွားမြင် သန့်စင် ခဲ့ လေသည်။

မူလ တာဝန် အား ဖြင့် ရေယာဉ် အုပ်စု များ ကို အစောင့်လိုက် တာဝန် ထမ်းဆောင် ရသည့် စစ် ရေယာဉ် H.M.S FAL သည် ဒုတိယ ကမ္ဘာစစ် အတွင်း ဥရောပ တိုက် တွင် ဂျာမနီ နိုင်ငံ လက်နက် ချပြီး သည့် နောက် အာရှ တိုက် တွင် ကျန်ရှိ နေသေး သည့် ဖက်ဆစ် ဂျပန် တို့ကို ဆက်လက် ချေမှုန်း တိုက်ခိုက်ရန် ဥရောပ မှ စေလွှတ် ခဲ့သည့် မဟာမိတ် စစ်ရေယာဉ် များ စာရင်း တွင် ပါဝင် ခဲ့လေ သဖြင့် အာရှ ရေပြင် ဆီသို့ အဏ္ဏဝါ ခရီး ကို ချီတက် ခဲ့လေတော့ သည်။

အာရှ တိုက် စစ်မြေပြင် တွင် မြန်မာ နိုင်ငံ ကို မဟာမိတ် တပ်များ ပြန်လည် ထိုးစစ် ဆင်နွှဲ ချိန်နှင့် ပြည်တွင်းမှ မြန်မာ မျိုးချစ် များက ဖက်ဆစ် ဂျပန် တို့ကို တော်လှန် ချိန် တွင် H.M.S FAL သည် ဗမာ ပြည် ဘုရင့် အပျော်တမ်း အရန် ရေ တပ်မတော် (BURMA ROYAL NAVY VOLUNTEER RESERVE) မှ မြန်မာ အမျိုးသား ရေ တပ်သား များနှင့် အတူ ရခိုင် တိုက်ပွဲ စဉ် မေယု မြစ်ဝှမ်း တွင် ရွပ်ရွပ်ချွံချွံ ပါဝင် တိုက်ခိုက် ခဲ့လေ သည်။

" မေယု " တဖြစ်လည်း H.M.S FAL


၁၉၄၇ ခုနှစ် မေလ (၂၅) ရက် တနင်္ဂနွေ နေ့ (၁၂၁၀) နာရီ အချိန် တွင်တော့ H.M.S FAL သည် ဗြိတိသျှ တော်ဝင် ရေ တပ်မတော် တွင် တာဝန် ထမ်းဆောင် နေရာ မှ ဗမာပြည် ဘုရင့် အပျော် တမ်း အရန် ရေ တပ်မတော် (BURMA ROYAL NAVY VOLUNTEER RESERVE) ထံ သို့ အခမ်း အနား ဖြင့် လွှဲပြောင်း ရောက်ရှိ လို့ လာခဲ့ ပါတော့ သည်။ တနည်း အား ဖြင့်တော့ ဖွားမြင်ရာ အချိန် မှ (၆) နှစ်မျှ အကြာ တွင် ရောက်ရှိ လာခဲ့ ခြင်းပင်။ ရခိုင် စစ်မြေပြင် မေယု မြစ်ဝှမ်း တိုက်ပွဲ များ အတွင်း စွမ်းစွမ်း တမံ တာဝန် ထမ်းဆောင် ခဲ့မှု ကို ဂုဏ် ပြုသည့် အား ဖြင့် "မေယု " ဟု ခေါ်တွင် စေခဲ့ လေ သည်။ ထိုစဉ် က ကာကွယ်ရေး ၀န်ကြီး တာဝန် ထမ်းဆောင် နေသည့် ဗိုလ်ချုပ် အောင်ဆန်း ကိုယ်တိုင် တက်ရောက် ကာ ဂုဏ်ပြု တပ်ဖွဲ့ ကို စစ်ဆေး ခြင်း၊ ရေယာဉ် ကို မြန်မာ နိုင်ငံ ကိုယ်စား လက်ခံခြင်း တို့ကို ဆောင်ရွက် ခဲ့ပါ သည်။ လွှဲပြောင်း စဉ် က ဗြိတိသျှ တော်ဝင် ရေ တပ်မတော် မှ စစ် ရေယာဉ် မှူး မှာ ဗိုလ်မှူး မစ်ချယ်လ် (LIEUTENANT COMMANDER MITCHELL) ဆိုသူ ဖြစ်ပြီး ၊ မြန်မာ နိုင်ငံ မှ ပထမ ဦးဆုံး စစ် ရေယာဉ် မှူး မှာ ဗိုလ်မှူး ခင်မောင်ဘို ဖြစ် လေ သည်။


ထို အချိန် က ဗိုလ်ချုပ် အောင်ဆန်း သည် “ တစ်နှစ် အတွင်း လွတ်လပ် ရေး ရလျှင်ရ၊ မရ လျှင်ချ ” ကြွေးကြော် လျှက် လွတ်လပ်ရေး နှင့် အချုပ် အခြာ အာဏာ ပိုင်ဆိုင်မှု အတွက် ကြိုးပမ်း ဆောင်ရွက် နေချိန် ဖြစ် ပါသည်။ ထို့ကြောင့် စစ် ရေယာဉ် - မေယု သည် တပ် မတော် ရေတပ် ၏ အလံ ဆောင် အဓိက စစ် ရေယာဉ် (FLAGSHIP) ဖြစ်လာ သည့် နည်းတူ မြန်မာ့ လွတ်လပ် ရေး ၏ ရှေ့ပြေး နိမိတ် နှင့် အဘိတ် ဆောင် အောင်ပန်း တစ်ပွင့် လည်း ဖြစ်လာ ခဲ့ ပါတော့ သည်။


" မေယု " နှင့် ပြည်တွင်း တိုက်ပွဲ များ

မေယု စစ် သင်္ဘော ပါဝင် ဆင်နွှဲ ခဲ့ရသည့် သမိုင်းဝင် တိုက်ပွဲ များ သည်ကား -

- အင်းစိန် မြို့ သိမ်း တိုက်ပွဲ (၁၉၄၈) ခုနှစ်
- သန်လျင် ကျိုက်ခေါက် တိုက်ပွဲ (၁၉၄၈) ခုနှစ်
- ပုသိမ် မြို့ သိမ်း တိုက်ပွဲ (၁၉၄၈) ခုနှစ်
- ကျောက်ဖြူ မြို့ သိမ်း တိုက်ပွဲ (၁၉၄၉) ခုနှစ်
- မော်လမြိုင် မြို့ သိမ်းတိုက်ပွဲ (၁၉၅၀) ခုနှစ် တို့ ဖြစ်ကြ လေသည်။

အင်းစိန် မြို့ကို သိမ်းပိုက် ထားပြီး ရန်ကုန် မြို့ကို ဆက်လက် ထိုးစစ်ဆင် သိမ်း ယူရန် အင်းအား စုစည်း ကြိုးပမ်း လာသော KNDO တပ် များအား ဗမာ့ တပ်မတော် မှ အောင်ပွဲ ခံခဲ့သော တိုက်ပွဲ တွင် ရန်သူ ၏ ထိုးစစ် အဟုန် ကြောင့် ကြည်းတပ် ခံစစ် ကြောင်း များ အဆင့်ဆင့် ဆုတ်ပေး နေရ ချိန် တွင် ဗမာ့ ရေ တပ်မတော် မှ စစ် ရေယာဉ် မေယု သည် မြစ်ကြောင်း မှ (၄) လက်မ အမြောက် ဖြင့် လည်းကောင်း၊ ရေ တပ်ပိုင် ဘီးတပ် (၄၀) မမ အမြောက် တပ်ဖွဲ့ များ သည် ကုန်းပေါ် မှ လည်းကောင်း ဆီးကြို ဖြတ်တောက် တိုက်ခိုက် မှုကြောင့် ရန်သူ့ ဘက်မှ အကျ အဆုံး များစွာ ဖြင့် အရေး နိမ့် သွားခဲ့ ပါသည်။ ၄င်း တိုက်ပွဲ တွင် ရေ တပ် အနေ ဖြင့် စစ် ရေယာဉ် များ အပြင် ကုန်းပေါ် မှ လည်း ဘီးတပ် အမြောက် တံမြက်စည်း၊ ရေ ဘီလူး ၊ ရေ သူရဲ၊ ရေ သဘက် စသည် တို့ ဖြင့် စွမ်းစွမ်း တမံ ပါဝင် တိုက်ခိုက် ပြီး အောင်ပွဲ ခံနိုင် ခဲ့ ပါသည်။

ထိုကဲ့ သို့ သမိုင်းဝင်၊ သမိုင်း တွင်သည့် နာမည်ကျော် တိုက်ပွဲ များ အပြင် (၁၉၅၈) ခုနှစ် ဗိုလ်ချုပ် ကြီး နေ၀င်း ဦးဆောင် သည့် အိမ်စောင့် အစိုးရ လက်ထက် နှင့် (၁၉၆၂) ခုနှစ် တော်လှန်ေ ရးေ ကာင် စီ တက်လာ ချိန် တွင် လည်းကောင်း၊ (၁၉၇၄) ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြဌာန်း ပြီး နောက် တွင် လည်းကောင်း၊ ပြည်တွင်း သောင်းကျန်းမှု ကို အမြစ် ပြတ် ချေမှုန်း ခြင်း၊ မြန်မာ့ ကမ်းရိုးတန်း နှင့် ပိုင်နက် ပင်လယ်ပြင် ကာကွယ် စောင့်ရှောက် ရေး တာဝန် များ ကို ထမ်းဆောင် ခဲ့ ပါသည်။

ချစ်ကြည်ရေး သံတမန် " မေယု "

သမိုင်း ကြောင်း က ပေးအပ် လာ သည့် တာဝန် နှင့် ဝတ္တရား များ ကို ကျေပွန်စွာ ထမ်းဆောင် လျက် ရှိနေသည့် စစ်ရေယာဉ် " မေယု " သည် စစ်ဆင်ရေး တာဝန် များ ဖြင့် မအား မလပ် သည့် အကြား မှ ပေးအပ် လာသည့် တာဝန် ကို ကျေပွန်စွာ ဖြင့် (၁၉၄၉) ခုနှစ် တွင် အရှေ့  ပါကစ္စတန် နိုင်ငံ (ယခု ဘင်္ဂလား ဒေ့ရှ်) သို့ ချစ်ကြည်ရေး ခရီးစဉ် နှစ်ကြိမ် သွား ခဲ့ပြီး သြစတြေလျ နိုင်ငံ နှင့် အိန္ဒိယ နိုင်ငံ များ သို့ တစ်ကြိမ် စီ သွားရောက် ခဲ့ ပြန်ပါ သေး သည်။ ထို့ကြောင့် စစ် ရေယာဉ် - မေယု သည် တပ် မတော် ရေတပ် အတွက် သာမက နိုင်ငံ အတွက် ပါ သမိုင်းဝင် စစ်ရေယာဉ် တစ်စီး အဖြစ် ထင် ရှား ခဲ့ခြင်း ဖြစ်ပါ သည်။

" မေယု " ၏ နေဝင်ချိန် ( သို့ ) တပ်တော်ဝင် အဖြစ် မှ ရပ်စဲခြင်း

လှိုင်းဒဏ်၊ လေဒဏ်၊ မုန်တိုင်း ဒဏ်၊ ရာသီဥတု ဒဏ် နှင့် လက်နက် ဒဏ်များ ကို ကြံ့ကြံ့ ခံ ရင်ဆိုင် အံတု ရင်း ပေးအပ် လာသည့် တာဝန် တိုင်း ကို မငြီး မငြူ ထမ်းဆောင် ခဲ့လေ သည့် " မေယု " ၏ သက်တမ်း ကာလ မှာ အနှစ် (၄၀) ခန့် ရှိလာ သည်နှင့် အမျှ ဇရာ ၏ ဖိစီးမှု တို့ က စွဲကပ် လာတော့ သည်။ ကိုယ်ထည် ကုန်းပတ် များ သာမက အတွင်း ပိုင်း ရှိ တကူ များ၊ ကြွက်လျှောက် များ၊ ရေလုံ ခန်းများ စသည့် (STRENGTH MEMBERS)များ ဆွေးမြေ့ ပျက်စီး မှုများ ဖြစ်လာ သဖြင့် ရာသီဥတု ဆိုးရွား ချိန် နှင့် ပင်လယ်ပြင် တွင် စိတ်ချ လက်ချ အသုံး ပြု ရန် သင့်လျော် မှု မရှိ တော့သည် ကို တာဝန် ရှိသူများ က စစ်ဆေး တွေ့ ရှိ လာခဲ့ သည်။ ထိုမျှ သာမက သေးပဲ ရေယာဉ် ၏ ကိုယ်ထည် သံပြား များ ကို ရှေးဟောင်း တည်ဆောက်မှု စနစ် ဖြစ်သော (RIVETTED CONSTRUCTION) နည်း ဖြင့် တည်ဆောက် ထားသည့် အ လျှောက် ရေလုံမှု အခြေ အနေ (WATERTIGHT – INTEGRITY) သည် လည်း ကျဆင်း လျော့နည်း လာသည် ကို လည်း တွေ့ ရှိ ခဲ့ကြ ရ ပြန်တော့ သည်။ တပ်ဆင် အသုံး ပြုထား သော စက် အမျိုး အစား မှာလည်း ရေနွေးငွေ့ သုံး စက် အမျိုးအစား ဖြစ်သဖြင့် သက်တမ်း ကန့် သတ် ချက်၊ စက် ကိရိယာ လျှပ်စစ် အပို ပစ္စည်း များ ရရှိမှု ခက်ခဲ လာသည့် အတွက် တိုက် စွမ်းရည် ကျဆင်း ခဲ့ရ ပါသည်။ "မေယု " ကား အိုမင်းချေပြီ တည့် ....။

ထိုကြောင့် လည်း ၁၉၇၉ ခုနှစ် သြဂုတ် လ (၂) ရက်နေ့ တွင် ကျင်းပ သော (၂၆၂) ကြိမ်မြောက် ကာကွယ်ရေး ဌာန ကောင်စီ ၏ အမှုဆောင် အဖွဲ့ အစည်း အဝေး မှ " မေယု " ရေယာဉ် အား တပ်တော်ဝင် အဖြစ် မှ ရပ်စဲ ရန် သဘော တူ ဆုံးဖြတ် ခဲ့ပါ တော့သည်။ ထို့နောက် တွင် တော့ " မေယု " ရေယာဉ် အား အမှတ် (၁) စက်မှု ၀န်ကြီး ဌာန သို့ လွှဲပြောင်း ပေး၍ ဖျက်သိမ်းမှု ကို ဆောင်ရွက် ရန် စီမံ ခဲ့ပါသည်။ " မေယု " ကား သူ ပျော်မွေ့ ရာ အဏ္ဏဝါ ရေ ပြင် နှင့် သူ့အား ချစ်ခင် ကြသူ ရဲဘော် ရဲဘက် များ ကို စွန့်ခွာ လျက် အမှတ် (၁) စက်မှု ၀န်ကြီး ဌာန ၏ အစီ အစဉ်ဖြင့် သံရည် ကြို ရန် စီစဉ် ခြင်း ခံရ ပေတော့ မည်။ ဤ အခြေအနေ တွင် " မေယု " အတွက် မျှော်လင့်ချက် ရောင်ခြည် တချက် လင်းလက် လို့ လာခဲ့ သည်။

နိုင်ငံတော် ကောင်စီ ဥက္ကဌ က စစ် ရေယာဉ် - မေယု သည် လွတ်လပ်ရေး နှင့် အတူ ပါရှိ လာသော သမိုင်းဝင် စစ် ရေယာဉ် ဖြစ်၍ နောင်လာ နောက်သား တို့ ကြည့်ရှူ လေ့လာ နိုင်ရေး အတွက် စီမံ ဆောင်ရွက် ရန် လမ်းညွှန် ခဲ့ ပါသည်။ ယင်း လမ်းညွှန် ချက် အရ (၃၀-၉-၇၉) ရက် နေ့ တွင် ကျင်းပ ခဲ့သော (၂၇၆) ကြိမ်မြောက် ကာကွယ်ရေး ဌာန ကောင်စီ ၏ အမှုဆောင် အဖွဲ့  မှ သမိုင်း ၀င် စစ် ရေယာဉ် တစ်စီး အဖြစ် ဆက်လက် ထိန်းသိမ်း ထားရှိရန် ဆုံးဖြတ် ခဲ့ပြီး ၊ တပ်မတော် (ရေ) မှ ပြန်လည် လက်ခံ ယူ လျှက် သမိုင်း ၀င် အဖြစ် ပြန်လည် မွမ်းမံ ပြင်ဆင် ရန် နှင့် အဓွန့် ရှည်စွာ ထိန်းသိမ်း ထားရှိ နိုင်ရန် အတွက် အောက် ဖော်ပြပါ လုပ်ငန်း ကြီး (၂) ရပ် ဖြင့် ဆောင်ရွက် ခဲ့ပါသည် -

(က) စစ်ရေယာဉ် အား ရေလုံ သင်္ဘော ကျင်း တည်ဆောက် ၍ ထားရန်။
(ခ) စစ်ရေယာဉ် အား မူလ ပုံစံ မပျက် အောင် ပြန်လည် ပြုပြင်ရန် တို့ ဖြစ်ပါ သည်။

အထက် ဖော်ပြပါ လုပ်ငန်းကြီး (၂) ရပ် ကို ကွပ်ကဲ ဆောင်ရွက် ရန် အတွက် ကြီးကြပ် ကွပ်ကဲရေး အဖွဲ့ ကို ဦးစီး စက်မှု လက်မှု အရာရှိ ချုပ်(ရေ) ဥက္ကဌ အဖြစ် ဆောင်ရွက် စေပြီး ၊ သက်ဆိုင် ရာ ဌာန အသီးသီး မှ ကိုယ်စား လှယ်များ ဖြင့် ဖွဲ့စည်း ဆောင်ရွက် ခဲ့ ပါသည်။

" မေယု " အတွက် ကွန်းခိုရာ လွန်းကျင်း တည်ဆောက် ပြီ

" မေယု " စစ်ရေယာဉ် အား သမိုင်းဝင် အဖြစ် ထိန်းသိမ်း ထားရှိရေး လုပ်ငန်း များ ဆောင်ရွက် နိုင် ရန် အတွက် လွန်းကျင်း တည်ဆောက် ရေး နှင့် ရေယာဉ် အား မူလ ပုံစံ မပျက် အနီးစပ် ဆုံး တူညီမှု ရှိစေရန် ပြင်ဆင် မွမ်းမံ ရေး လုပ်ငန်း များ ဆောင်ရွက် ရာ တွင် ကုန်ကျ မည့် ပြည်တွင်း / ပြည်ပ ငွေ များ သုံးစွဲခွင့် ရရှိရန် အတွက် ကာကွယ်ရေး ဌာန ကောင်စီ ၏ အမှုဆောင် အဖွဲ့ သို့ တွက်ချက် တင်ပြ ခဲ့ရာ (၂၅-၉-၈၀) ရက်နေ့ တွင် ကျင်းပ ခဲ့သော (၃၁၁) ကြိမ်မြောက် ကာကွယ်ရေး ဌာန ကောင်စီ ၏ အမှုဆောင် အဖွဲ့ အစည်း အဝေး မှ သဘောတူ ခွင့်ပြု ကြောင်း ဆုံးဖြတ် ခဲ့ ပါသည်။

ယင်း ခွင့်ပြု ချက် အရ စစ်ရေယာဉ် အား ထား ရှိမည့် လွန်းကျင်း တည်ဆောက် ရန် မြေ နေရာ ရှာဖွေ ကြရာ သန်လျင် မြို့ နယ် ရှိ အမှတ်(၁) ရေတပ် လေ့ကျင့်ရေး ဌာနချုပ် နယ်မြေ တွင် တည်ဆောက် ရန် သင့်တော် ကြောင်း ဆုံးဖြတ် ၍ ရွေးချယ် ခဲ့ပါ သည်။ ထိုသို့ ရေလုံ ကျင်း တည်ဆောက် ရာ တွင် ပြုလုပ် ဆောင်ရွက် ရမည့် လုပ်ငန်း များနှင့် ပတ်သက် ၍ (HYDRO CIVIL WORKS) နှင့် (CIVIL WORKS) များ ဖြစ် သဖြင့် ယင်း လုပ်ငန်း များနှင့် တိုက်ရိုက် သက်ဆိုင် ပြီး အတွေ့ အ ကြုံ နှင့် လုပ်ငန်း ကျွမ်းကျင်မှု ရှိသော ဆိပ်ကမ်း ကော်ပိုရေး ရှင်း ဆည် မြောင်း ဦးစီး ဌာန တို့မှ အကူ အညီ များ ရယူ၍ လွန်းကျင်း တည်ဆောက် မှု၊ မြေဖို့ မှု၊ လွန်းကျင်း ကြမ်းခင်း တည်ဆောက် မှု၊ လွန်း ကျင်း နံရံ များ တည်ဆောက် မှု၊ ရေနှုတ် မြောင်း နှင့် ရေနှုတ် ပိုက် တည်ဆောက် မှု လုပ်ငန်း များ ကို ဆောင်ရွက် ခဲ့ ပါသည်။

စမအ (၉၅၄) ဆောက်လုပ်ရေး တပ်ခွဲ (အင်ဂျင်နီယာ) အနေ ဖြင့် အဆောက် အဦ များ ဖျက် သိမ်း ခြင်း၊ ပြောင်းရွှေ့  တည်ဆောက် ခြင်း၊ လမ်း ဖောက် လုပ်ခြင်း ၊ ရေ မီး ဆက်သွယ်မှု လုပ်ငန်း များ ကို တာဝန်ယူ ဆောင်ရွက် ခဲ့ သည်။ ၁၉၈၀ ခုနှစ်၊ အောက်တိုဘာ လ တွင် လွန်းကျင်း တည် ဆောက် ခဲ့ရာ ၁၉၈၁ ခုနှစ် ၊ မတ်လ တွင် ရေယာဉ် အား လွန်းတင် နိုင်သည့် အဆင့် သို့ ရောက်ရှိ ခဲ့ ပါသည်။ ရေယာဉ် လွန်းတင် ပြီးနောက် လက်ကျန် လုပ်ငန်း များနှင့် အချော သတ် လုပ်ငန်း များကို ဆောင်ရွက် ခဲ့ရာ (၁၉၈၁ - ၈၂) ဘဏ္ဍာရေး နှစ်ကုန် တွင် လုံးဝ ပြီးစီး ခဲ့ ပါသည်။

" မေယု " ကို မူလ ပုံစံ မပျက် ပြန်လည် မွမ်းမံ ပြင်ဆင် ခြင်း

လွန်းကျင်း ပေါ်သို့ " မေယု " ရောက်ရှိ ပြီး နောက် ၁၉၈၁ - ၈၂ နှင့် ၁၉၈၂ - ၈၃ ဘဏ္ဍာရေး နှစ်များ တွင် " မေယု "အား မူလ ပုံစံ နှင့် အနီး စပ်ဆုံး ဖြစ်အောင် ပြန်လည် မွမ်းမံ ပြင်ဆင် မှုများ ပြုလုပ် ခဲ့ သည်။ သက်ဆိုင်ရာ လုပ်ငန်း ရပ်များ ကို (၁၉၈၃) ခုနှစ် ၊ အောက်တိုဘာ လ တွင် အပြီး ဆောင် ရွက် နိုင်ခဲ့ ပါသည်။

ရေရှည် ဆက်လက် ထိန်းသိမ်း ထားရှိ ရေး

စစ် ရေယာဉ် " မေယု " အား သမိုင်းဝင် ရေယာဉ် အဖြစ် ထား ရှိရန် လွန်းကျင်း တည်ဆောက် ခြင်း နှင့် ရေယာဉ် အား မူလ ပုံစံ မပျက် မွမ်းမံ ပြင်ဆင်ခြင်း လုပ်ငန်း များ ကို တပ်မတော် (ရေ) အနေဖြင့် ဌာန ဆိုင်ရာ များ နှင့် ညှိနှိုင်း ပေါင်းစပ် ကာ အောင်မြင် စွာ ဆောင်ရွက် နိုင်ခဲ့ လေပြီ။ ထို့ပြင် သမိုင်း ၀င် စစ် ရေယာဉ် " မေယု " အား ရေရှည် ဆက်လက် ထိန်းသိမ်း ထားရှိ နိုင်ရေး အတွက်

(၁) လွန်းကျင်း အား ပြုပြင် ထိန်းသိမ်းခြင်း၊
(၂) ရေယာဉ် အား ပြုပြင် ထိန်းသိမ်း ခြင်း နှင့်
(၃) မြစ်ကမ်းပါး အား ထိန်းသိမ်း ထားရှိခြင်း စသည့် လုပ်ငန်း ရပ်ကြီး (၃) ရပ်အား တပ်မတော် (ရေ) အစီ အစဉ် ဖြင့် ဆက်လက် ဆောင်ရွက် လျက် ရှိပေ သည်။ စစ် ရေယာဉ် " မေယု " အား သမိုင်းဝင် စစ် ရေယာဉ်ကြီး အဖြစ် ပြင်ဆင် ဖန်တီး ထားရှိ နိုင်မှု နှင့် လွန်းကျင်းကြီး ကို အောင်မြင်စွာ တည်ေ ဆာက် နိုင်မှု တို့မှာ ပါဝင် ဆောင်ရွက် ကြသော ပညာ သည် များ ၏ အတတ် ပညာ ပိုင်း ဆိုင်ရာ တတ်ကျွမ်း ပြည့်ဝ မှု နှင့် လုပ်ငန်း ဆောင်ရွက် ရာ တွင် ပါဝင် ကြ သည့် တပ်ဖွဲ့ အသီးသီး ၊ ဌာန အသီးသီး နှင့် ပုဂ္ဂိုလ် အားလုံး တို့၏ ညီညွတ် စွာ ပူးပေါင်း ကြိုးစား အားထုတ်မှု ၏ ရလဒ် ဖြစ်ေ ကြာင်း ထပ်လောင်း ဖော်ပြ အပ် ပါသည်။

သမိုင်း ဝင် စစ်ရေယာဉ် "မေယု " သည် အချိန် ကာလ ကြာမြင့် လာသည် နှင့် အမျှ ရုပ်ပိုင်း ဆိုင်ရာ ပျက်စီး ချို့ ယွင်း မှုများ ကြောင့် မြင်ကွင်း မှ ကွယ်ပျောက် သွားရ မည့် အခြေ အနေ ဖြစ်ပေါ် လာ မည် ဖြစ်သော်လည်း ၄င်း စစ်ရေယာဉ် ကြီး ၏ ထူးခြား ပြောင်မြောက် သည့် စွမ်းဆောင် မှု တို့ မှာ မြန်မာ နိုင်ငံ ၏ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်း စဉ် တွင် ထင်ဟပ် လျှက် အစဉ် အမြဲ ရှိနေ တော့မည် သာ ဖြစ်ကြောင်း ရေးသား ဖော်ပြ ရင်း သမိုင်းပေး တာဝန် ကျေပွန် စွာ ထမ်းဆောင် ခဲ့ကြ သည့် စစ်ရေယာဉ် " မေယု " ၊ စစ်ရေယာဉ် " မေယု " တွင် တာဝန် ထမ်းဆောင် ခဲ့ကြ သည့် ရေယာဉ် အဖွဲ့ သားများ အားလုံး နှင့် တပ်မတော် (ရေ) တပ်သား များ ဤစာစု ဖြင့် မှတ်တမ်း တင် ဂုဏ် ပြု ပါသည်။

" မေယု " ၏ ကိုယ်ရေး အချက် အလက် အကျဉ်းချုပ်

- အလျား - ၃၀၁ ပေ ၇ ၃/၄ လက်မ
- ဗျက် - ၃၇ ပေ ၉ ၁/၄ လက်မ
- တန်ချိန် (၂၂၀၅) တန်
- တနာရီ သွားနှုန်း ရေမိုင် (၂၀)မိုင်
- ရေစူး - ၁၄ ပေ ၄ လက်မ (၀န်ပြည့်)
- အလေးချိန်- ၁၆၁၄.၉၁ တန် (၀န်ပြည့်)
- လူ အင်အား - အရာရှိ (၈) ဦး ၊ အခြား အဆင့် (၁၃၅) ဦး

တပ်ဆင် အသုံး ပြု ခဲ့သည့် လက်နက် များ

- ၁၀၀ မမ အမြောက် ၁ လက်၊
- ၄၀ မမ ဘော်ဖာ စက် အမြှောက် (၂) လက်၊
- ၂၀မမ အော်လီဂန်း ၂ လက် တွဲ ၄ လက်၊
- ၄ လက်မ အမြှောက် (၁) လက်
- Hedgehog ရေငုပ် သင်းဘော ဖျက် မော်တာ
- မိုင်းရှင်း ကိရိယာ၊ မိုင်းချ စင်များ
- ရေမြုပ် ဒုံး (HEDGE HOG)
- ရေမြုပ် ဗုံး (DEPTH CHARGE)

အထက် ဖော်ပြ ပါ လက်နက် များ သည် ဝေဟင် ပစ်မှတ် ၊ ရေပြင် ပစ်မှတ် နှင့် ကမ်းခြေ ပစ်မှတ် များ ကို ထိရောက် စွာ ပစ်ခတ် ချေမှုန်း နိုင်စွမ်း ရှိပြီး ရေငုပ် သင်္ဘော တိုက်ဖျက် ရေး အတွက် ပါ အသုံးဝင် ပါ သည်။

သမိုင်းဝင် စစ်ရေယာဉ် - မေယု စာစောင်၊ ဆရာဆောင် (Myanmar Navy)

No comments:

Post a Comment