Popular Posts

Thursday, November 27, 2014

ကြည်း ၅ဝ၆၃ ၊ ဒုတိယ ဗိုလ်မှုးကြီး ဟရန်သီယို ( Hrang Thio ) ( ကျဆုံး၊ ၈-၈-၄၉ ) တပ်ရင်းမှုး၊ အမှတ် (၁) ချင်း သေနတ်ကိုင် တပ်ရင်း



ကြည်း ၅ဝ၆၃ ၊ ဒုတိယ ဗိုလ်မှုးကြီး ဟရန်သီယို ( Hrang Thio ) ( ကျဆုံး၊ ၈-၈-၄၉ ) တပ်ရင်းမှုး၊ အမှတ် (၁) ချင်း သေနတ်ကိုင် တပ်ရင်း

(၁၉၁၉) ခုနှစ် သည် တိုင်းတပါး ကျွန် ဘဝမှ လွတ်မြောက် ရန် ကြိုးပမ်း နေသည့် မြန်မာ နိုင်ငံ အတွက် ထူးခြား သည့် နှစ် တနှစ် ပင် တည်း။ ထို နှစ်တွင် မြန်မာ အမျိုးသမီး ကုမ္မာရီ အသင်း ကို စတင် ထူထောင် နိုင်ခဲ့ သလို၊ (၁၉၁၉) ခုနှစ် မေလ (၁၈) တွင် ဝိုင်အမ်ဘီအေ အသင်း ချုပ် အထူး အစည်း အဝေး ကျင်းပ ၍ မြန်မာ ပြည်သူ တို့ လိုလား သော အုပ်ချုပ် ရေး တောင်းဆို ရန် အတွက် အင်္ဂလန် သို့ ကိုယ်စား လှယ် စေလွှတ် ရန် ဆုံးဖြတ် ချက် နှင့်အတူ ဖေ၊ ပု၊ ရှိန် မြန်မာ ကိုယ်စား လှယ် အဖွဲ့ သည် အင်္ဂလန် နိုင်ငံ သို့ (၁၉၁၉) ဇူလိုင် လ (၇) တွင် သင်္ဘော ဖြင့် သွား ရောက်ကာ အင်္ဂလန် ပြည်၊ လန်ဒန် မြို့ တွင် ခုနစ် လကြာ မျှ နေထိုင် လျက် မြန်မာ ပြည် လွတ်လပ် ရေး အတွက် ရှေ့ပြေး နိမိတ် တဘောင် ကို အတိတ် ဆောင်ခဲ့သော နှစ်တနှစ် လည်း ဖြစ်ပေ တော့ သည်။ မြန်မာ့ မြေ၊ မြန်မာ့ ရေ ကို ကျွန်ပြု အုပ်စိုး ထားသည့် အင်္ဂလိပ် အစိုးရ က ဘုရား၊ ကျောင်းကန် များ တွင် ”မည်သူမျှ ဖိနပ်မစီးရ“ အမိန့် ကို (၁၉၁၉) ခုနှစ် အောက်တိုဘာ (၂၉) ရက် တွင် ထုတ်ပြန် ပေးစေ ခဲ့သည် အထိ မြန်မာ တို့ ၏ လွတ်လပ်ရေး ကြိုးပမ်း မှု အရှိန် အဟုန် မြင့်တက် လို့ လာခဲ့ ချေပြီ။ ထို ကဲ့သို့ အတိတ် ကောင်း နိမိတ် ကောင်းများ ဖြင့် မင်္ဂလာ ကျက်သရေ ရှိသည့် (၁၉၁၉) ခုနှစ် တွင် တောင်ဇလပ် ပန်းများ ဖူးပွင့် ရာ ချင်း တောင်တန်း မြေ တွင် အနာဂတ် မြန်မာ့ တပ်မတော် ၏ သားကောင်း ရတနာ တဦး ကို ဖွားမြင် သန့်စင် ခဲ့ လေတော့ သည်။ သူ၏ အမည် နာမ သည် ကား ဟရန်သီယို (Hrang Thio) ဟူ၍။

သူ့အား စစ်သွေး စစ်မာန် ပြင်းထန် ထက်မြက် လှသည့် တောင်ပိုင်ကြီး ဘွိုင်ကူလ် ၏ မျိုးရိုး မှ မီးရှူး သန့်စင် ခဲ့ကာ သမီး (၆) ယောက် အလယ် ၌ တ ယောက် သာ ထွန်းကား ခဲ့သည့် သား ရတနာ လေး တဦး ဖြစ်လေ ၏။ ဖလမ်း မြို့ အစိုးရ အထက်တန်း ကျောင်း တွင် ပညာ သင်ကြား ခဲ့ပြီး (၁၉၃၉) ခုနှစ်၊ သူ့ အသက် (၂၀) ပြည့်ချိန် တွင်မေမြို့ ရှိ ဘားမား ရိုင်ဖယ် တပ်ရင်း (၂) ၌ သာမန် စစ်သည် ဘဝ ဖြင့် သူ၏ တပ်မတော် သား ဘဝ ကို စတင် ခဲ့လေ တော့ သည်။ (၁၉၄၁ - ၄၂) ခုနှစ် ဒုတိယ ကမ္ဘာ စစ်ကြီး အတွင်း ဂျပန် တပ်များ မြန်မာ ပြည် သို့  ၀င်ရောက် လာချိန် တွင် အသက် (၂၂) နှစ် ရှိ တပ်ကြပ် ကလေး ဟရန်သီယို အဖြစ် ဘားမား ရိုင်ဖယ် တပ်သား များနှင့် အတူ အိန္ဒိယ ပြည်သို့ လိုက်ပါ သွားခဲ့၏။

(၁၉၄၃) ခုနှစ်၊ ဖေဖော် ဝါရီ လတွင် တော့ တပ်ကြပ်ကြီး ဟရန်သီယို အား ၀င်းဂိတ် ၏ ခြင်္သေ့ တပ်ဖွဲ့ နှင့် အတူ မြန်မာ ပြည် သို့ ခြေလျင် လိုက်ပါ လျက် မြန်မာ ပြည် အလယ်ပိုင်း ဒေသ တလွှား တွင် ရဲရဲ တောက် သတ္တိ ဖြင့် ဂျပန် တပ်များ ကို လိုက်လံ တိုက်ခိုက် နေခြင်း ကို တွေ့မြင် ကြ ရ ပြန် တော့ သည်။ ကသာ နယ် ကျောင်း ကလေး ရွာ အနီး ဝယ် ဂျပန် တပ်များ ၏ အဝိုင်း ခံ ရစဉ် အချိန် တွင် အတင်း ထိုးဖောက် တိုက်ခိုက် ထွက်ခဲ့ ရုံမျှမက ဒဏ်ရာ ရရှိ ထားသည့် ရဲဘော် တဦး ကိုပင် စွန့်စွန့် စားစား ထမ်းပိုး ယူဆောင် လာခဲ့ သည့် သူ၏ စွန့်စား မှု ကြောင့် ဘီဂျီအမ် (BGM) Burma Gallentary Medal တံဆိပ် ကို ချီးမြှင့် ခြင်း ခံခဲ့ ရသည်။ ရဲဝံ့ စွန့်စား မှုကြောင့် ရာထူး အဆင့်ဆင့် တိုးမြှင့် ခန့်အပ် ခြင်း ခံခဲ့ ရသည့်  ဟရန်သီယို မှာ (၁၉၄၅) ခုနှစ် တွင်တော့ ဗိုလ်မှူး ရာထူး အထိ ရောက်ရှိ ခဲ့လေ ပြီ။ ထို အချိန် တွင် သူ၏ အသက် အရွယ် မှာ (၂၆) နှစ် သာသာ မျှပင် ရှိသေး သည်။

မြန်မာ ပြည် လွတ်လပ် ရေး ရရှိပြီး နောက် ပြည်တွင်း သောင်းကျန်း မှု နှိမ်နင်းရေး ကာလ တွင်တော့ ဗိုလ်မှူးကြီး ရာထူး ဖြင့် ပြည်ထောင်စု တည်မြဲ ရေး အတွက် စွန့်စွန့် စားစား ဆက်လက် အမှု ထမ်းရင်း အင်းစိန် တိုက်ပွဲ ၌ အထူး နာမည်ကြီး ခဲ့ ပြန် သည်။ အောင်ဆန်း သူရိယ ဘွဲ့ ကို ချီးမြှင့် အပ်နှင်း ခြင်း ခံရသူ ဗိုလ် တိုက်ချွန်း တည်း ဟူသော သစ္စာ ရှိ ချင်း တိုင်းရင်းသား စစ်သည် ရဲမက် များ နှင့် အတူ တကွ အင်းစိန် ကျမ်း စာသင် ကျောင်း ကုန်း တိုက်ပွဲ ၌ ကျည်ဆန် များ အကြား စွန့်စား ခဲ့ပုံကို ထို ခေတ် ထိုကာလ က အတူ တကွ တိုက်ပွဲ ဝင်ခဲ့ ကြ သူများ အနေ ဖြင့် မည်သို့ မျှ မေ့ပျောက် နိုင်မည် မဟုတ် ပေ။ သူ၏ သတ္တိ နှင့် ဇွဲကား ကြီးမား လှတော့ သည်။

အင်းစိန် တိုက်ပွဲ ပြီးဆုံး ၍ (၁၉၄၉) ခုနှစ်၊ သြဂုတ် လ ရောက်ချိန် တွင် တော့ ဗိုလ်မှူးကြီး ဟရန် သီယို တပ်ရင်းမှူး အဖြစ် ဦးစီး ကွပ်ကဲ သော အမှတ် (၁) ချင်း သေနတ် ကိုင် တပ်ရင်း သည် မှော်ဘီ စစ်မျက်နှာ တွင် သောင်းကျန်း သူများ နှင့် အပြင်း အထန် တိုက်ခိုက် ကြ ရ ပြန် တော့ သည်။ သနက (၁) ၊ အမှတ် (၁) ချင်း သေနတ် ကိုင် တပ်ရင်း မှ အမှတ် (၂) တပ်ခွဲ (ခွဲ - ၂) နှင့် အမှတ် (၃) တပ်ခွဲ (ခွဲ - ၃) တို့သည် လှပဒါး ကျေးရွာ အနီး ၌ အခိုင် အမာ ခြေကုပ် ရယူ ထား သော သောင်းကျန်း သူများ နှင့် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ရာ နေ့လည်ခင်း မှ စတင် ဖြစ်ပွားပြီး နောက်နေ့ မနက် မိုးလင်း ချိန် အထိ ဖြစ်ပွား သော တိုက်ပွဲ အတွင်း ချင်း သေနတ်ကိုင် တပ်ရင်း (၁) မှ တပ်ကြပ်ကြီး (၁) ဦး နှင့် တပ်သား (၃) ဦး ကျဆုံး ကာ စစ်သည် (၄) ဦး ဒဏ်ရာ ရရှိ ခဲ့လေ သည်။

ဒဏ်ရာရ စစ်သည် များ ကို အားပေး စကား ပြောကြားရန် နှင့် စစ်မြေပြင် အခြေ အနေ ကို မျက်မြင် ဒိဌ တွေ့ လို လှသည့် တပ်ရင်း မှူးကြီး ဟရန်သီယို သည် တပ်ရင်း ဆေးမှူး ဗိုလ်ကြီး ဒွေး၊ ဗိုလ်ကြီး လှမုန်း၊ ဒုဗိုလ် တိုက်ချွန်း (နောင်တွင် အောင်ဆန်း သူရိယ ဗိုလ်ကြီး တိုက်ချွန်း) ဒုတပ်ကြပ် ဟိုခါး တို့နှင့် အတူ စစ်သုံး ဂျစ်ကား ဖြင့် လှပဒါး ရွာ ဆီသို့ ဦးတည် ထွက်ခွာ လာခဲ့ ကြတော့ သည်။

အရုဏ်ဦး ချုံခို တိုက်ပွဲ


တပ်ရင်းရုံး မှ စတင် ထွက်ခွာ ချိန်မှာ မိုးပင် မလင်း တတ်သေး။ သြဂုတ် လ ၏ နံနက်ခင်း သည် တဖွဲဖွဲ ရွာသွန်း နေသည့် မိုးကြောင့် ပို၍ မှောင် နေ သယောင်ယောင်။ စစ်သုံး ဂျစ်ကား လေးကို ဗိုလ် တိုက်ချွန်း မောင်းနှင် လာ ခဲ့ပြီး ဗိုလ်မှူးကြီး ဟရန်သီယို က ယာဉ် ၏ ဦးခန်း ဗိုလ် တိုက်ချွန်း ၏ ဘေးမှ ထိုင်လျက် လိုက်ပါ လာခဲ့ သည်။ ယာဉ် နောက်ခန်း ဗိုလ်တိုက်ချွန်း ၏ နောက်ဘက် တည့်တည့် နေရာ တွင် တော့ ဆေး ကိရိယာ အစုံ အလင် ဖြင့် ဆေးမှူး ဗိုလ်ကြီး ဒွေး၊ သူ၏ နံဘေး တွင် ဗိုလ်ကြီး လှမုန်း နှင့် ဒုတပ်ကြပ် ဟိုခါး တို့ နေရာ ယူ လျက် လိုက်ပါ လာကြ သည်။ အမှောင် ထု အောက်တွင် ဂျစ်ကား ကို ဂရုတစိုက် ထိန်းသိမ်း မောင်းနှင် လာရင်း မှ လမ်း အခြေ အနေ၊ ရန်သူ့ သတင်း၊ ရာသီ ဥတု နှင့် အချိန် ကာလ ကို သုံးသပ် ရင်း စိတ်ပူပင် လာသည့် ဗိုလ် တိုက်ချွန်း က သူ၏ တပ်ရင်းမှူး အတွက် စိုးရိမ် စိတ် ဖြင့် သူ သုံးသပ် မိသော အခြေ အနေ ကို တင်ပြ ကာ ပြန် လှည့်ရန် အကြံပြု မိ ချေရာ တပ်ရင်း မှူးကြီး ဟရန်သီယို က သမိုင်းတွင် ကျန်ရစ် မည့် စကား တခွန်း ဖြင့်သာ အဖြေ ပေးလိုက် လေသည်။ ထို သည် ကား... " ဟေ့ ... တိုက်ချွန်း၊ ဘာ ဖြစ်လို့ ပြန်လှည့် ရ မလဲ။ လူ ဆိုတာ တသက် မှာ နှစ်ခါ မသေ ဘူးကွ။ မင်း သေရမှာ ကြောက် သလား။ မင်းကို သတ္တိ ရှိတယ် ဆိုပြီး ငါ့ အနားမှာ ခေါ်ထားတာ " ဟူ၍။

မှော်ဘီ မြို့ နယ်နိမိတ် ၏ အပြင် သို့ ရောက်လာ သည့် တိုင် ဖြိုးဖြိုး ဖျောက်ဖျောက် ရွာသွန်း နေသည့် မိုး က မရပ်တန့် သေး သလို အမှောင် ထု ကလည်း အားကောင်း လို့ နေဆဲ။ မြို့ အထွက် ဘုန်းကြီး ကျောင်း အနီး သို့ သူတို့ ဂျစ်ကား လေး ရောက်လာ ချိန် မှာတော့ လမ်းဘေး ဝဲယာ တဖက် တချက်ရှိ သစ်ပင် ကြီး များ အောက် မှ ရုတ်တရက် ဆိုသလို လက်ခနဲ လက်ခနဲ မြင်တွေ့ လိုက်ရ သည့် မီးပွင့် အနီ မြောက်များ စွာ နှင့် အတူ ဆူညံစွာ ပေါက်ကွဲ ထွက်လာ သည့် သေနတ် သံများ က သြဂုတ် လ (၆) ရက် နေ့ ၏ နံနက်ခင်း ကို စတင် ဖြိုခွင်း လိုက်လေ ပြီ။ အင်အား (၃၀) ဝန်းကျင် ခန့် ရှိသည့် သောင်းကျန်း သူများ က ဗိုလ်မှူးကြီး ဟရန် သီယို တို့ စီးနင်း လိုက်ပါ လာသော ဂျစ်ကား ကို ဘရင်း၊ ရိုင်ဖယ်၊ စက် သေနတ် များဖြင့် တရစပ် မရပ် မနား ခြုံခို တိုက်ခိုက် ကြခြင်း ပင်။

ဘယ်ညာ နှစ်ဖက် ညှပ်ကာ တရစပ် တိုက်ခိုက် လာသည့် ရန်သူ့ ကျည်ဆန် များ အကြား တွင် ဗိုလ် တိုက်ချွန်း ၏ အနောက် ဘက် ထိုင်ခုံ ၌ လိုက်ပါ လာသူ ဆေးမှူး ဗိုလ်ကြီး ဒွေး မှာ ကားပေါ် မှ ဆင်းရန် အချိန်ပင် မရ လိုက်တော့ ရှာပဲ ဦးခေါင်း တွင် ရရှိသော သေနတ် ဒဏ်ရာ ဖြင့် နေရာ တွင်ပင် လျှင် ပွဲချင်း ပြီး ကျဆုံး သွားရ ရှာသည်။ ရန်သူ့ ကျည်သင့် သဖြင့် ဂျစ်ကား စတီယာ ရင် လက်ကိုင် ချို့ယွင်း သွား လေရာ နောက် ပြန်လှည့် ဖို့ လည်း အခွင့် မသာ တော့။ ကားရှေ့ လေကာ မှန် မှာလည်း ရန်သူ့ ကျည်ဆံ ကြောင့် တစစီ ကြေမွ လျက်။ ဗိုလ်မှူးကြီး ဟရန်သီယို နှင့် ဗိုလ်ကြီး လှမုန်း တို့မှာ လည်း တဒိန်းဒိန်း၊ တဒိုင်းဒိုင်း ဖြင့် ဆူညံစွာ ပစ်ခတ် လျက် ရှိသော သေနတ် ကျည်ဆန် များ ကြား တွင် ကားပေါ် မှ အမြန် ခုန်ဆင်း ၍ အကာ အကွယ် ယူရ တော့ သည်။ ကား ပေါ် လိုက်ပါ လာသူ စုစုပေါင်း (၅) ယောက် အနက် မှ ဗိုလ်ကြီး ဒွေး ကျဆုံး သွားပြီ ဖြစ်သဖြင့် လက်ကျန် လူ (၄) ဦး ဖြင့် ရန်သူ ၏ ပစ်ခတ်မှု ကို တုံ့ပြန် နေရ သော်ငြား လက်နက် အင်အား နှင့် လူ အင်အား မှာ အပြတ် အသတ် ကွာခြား လို့ နေသည်။ ရန်သူ့ ပစ်အား နှင့် ယှဉ်မည် ဆိုပါက ကျည် ပစ်အား အလွန် ကွာ ခြား လွန်းနေ ပေသည်။

ရန်သူ တို့ ချုံခို တိုက်ခိုက် ချိန်နှင့် တပြိုင် တည်း ကား ကိုရပ်၊ ကားအောက် ဆင်း၍ နေရာ ယူ၊ ပြန်လည် ခုခံ ပစ်ခတ်မှု မှာ အချိန် အားဖြင့် စင်္က္ကန့် အနည်း ငယ် မျှသာ ကြာမြင့် ပေလိမ့် မည်။ ရန်သူ ၏ ကြိုတင် နေရာယူ ပစ်ခတ် မှုကြောင့် ဗိုလ်ကြီး လှမုန်း ရန်သူ့ ကျည်သင့် သွား သော်လည်း ဒဏ်ရာ မပြင်း ထန် ပါချေ။ ဗိုလ်မှူးကြီး ဟရန် သီယို မှာတော့ ပေါင်တွင် ကျည်ဆန် ထိမှန် သွားခြင်း ကြောင့် နေရာ မှ မထ နိုင်တော့။ ဒဏ်ရာ ရထားပြီး သူ နှစ်ယောက် နှင့် အတူ ရန်သူ အား ရေရှည် ခုခံ တိုက်ခိုက် ရန် ကျည် အင်အား၊ လက်နက် အင်အား လည်း မလုံလောက် ခြင်း ကြောင့် ဗိုလ် တိုက်ချွန်း နှင့် တပ်ကြပ် ဟိုခါး တို့ နှစ်ဦး မှာ တိုက်ပွဲ ဖြစ်ပွား ရာ နေရာ မှ အတင်း ဖောက်ထွက် လျက် နောက်တန်း တပ်ရင်း သို့ အမြန် ဆုံး သွားရောက် အကြောင်း ကြား ရတော့ သည်။ ရန်သူ တို့၏ တရစပ် ပစ်ခတ် နေသည့် ကျည်ဆံ များ အကြား တွင် ဒဏ်ရာ ရရှိ ထားသည့် တပ်ရင်း မှူး နှင့် ဗိုလ်ကြီး လှမုန်း တို့၏ ကံကြမ္မာ အဆုံး အဖြတ် မှာ ဗိုလ် တိုက်ချွန်း တို့ နှစ်ဦး အပေါ် တွင် မူတည် ၍ နေလေ ပြီ။

စစ်ကူ လိုက်ကြ ပြီ

တပ်ရင်း သို့ ပြန်ရောက် သည် နှင့် တပြိုင် နက် တပ်ရင်း တွင် ရှိနေသည့် တပ်စု တစု ကို အမြန်ဆုံး တန်းစီ စေပြီး လက်နက် ခဲယမ်း အပြည့် အစုံ ယူကာ ဗိုလ် တိုက်ချွန်း ဦးဆောင် လျက် တိုက်ပွဲ ဖြစ်ပွား သည့် အရပ် ဆီသို့ အလျင် အမြန် ချီတက် သွား ကြ တော့ သည်။ တန်းစီ၊ လူစစ် ချိန် တွင် သတင်း ပို့ စဉ် နား ထဲမှာ ကြားလိုက် ရသည့် တန်းစီ စစ်သည် အင်အား စုစု ပေါင်း (၃၀) ယောက် ။

တိုက်ပွဲ ဖြစ်ပွားရာ နေရာ သို့ ပြန်ရောက် သွားချိန် တွင်တော့ သေနတ်သံ များ တိတ်ဆိတ် လို့ နေလေ ပြီ။ နံနက် အာရုံ ကျင်း အလင်း မရောက်မီ က တိုက်ပွဲ ဖြစ်ပွားရာ စစ် မြေပြင် တွင် ဗိုလ်မှူးကြီး ဟရန် သီယို မှာ မြေပေါ် တွင် လှဲလျောင်း ရင်း မှိန်းနေ ရ ရှာ၏။ ပတ်ပတ် လည် တွင်တော့ (၂၇) ဦးမျှ အင်အား ရှိ သည့် သောင်းကျန်း သူ တို့က လက်နက် ကိုယ်စီ ကိုင်ဆောင် လျက် ဗိုလ်မှူးကြီး ဟရန် သီယို တို့ အား ဝိုင်းရံ ထား လေသည်။ တိုက်ပွဲ သတင်း ကြား သဖြင့် လှပဒါး ကျေးရွာ မှ စစ်ကူ လိုက် လာသည့် တပ်ခွဲ (၁) နှင့် တပ်ခွဲ (၂) စုစုပေါင်း အင်အား (၃၀၀) ခန့် ရောက်ရှိ လာချိန် တွင် အခြေ အနေ က ပြောင်းပြန် ဖြစ် သွားတော့ သည်။ အလယ်ခေါင် တည့်တည့် တွင် ဒဏ်ရာ ရထား သည့် ဗိုလ်မှူးကြီး ဟရန် သီယို တို့၊ သူတို့ အား ဝန်းရံ ထားသည် က လက်နက်ကိုင် သောင်း ကျန်း သူ (၂၇) ဦး၊ ထို သောင်းကျန်း သူများ အား တဖန် ပြန်လည် ဝိုင်းထား သည် က ချင်း သေနတ်ကိုင် တပ်ရင်း မှ တပ်ခွဲ (၂) ခွဲ နှင့် တပ်စု (၁) စု။ အင်အား ချင်း မမျှတ သည် ကို သတိ ပြု မိ သဖြင့် သောင်းကျန်း သူများ မှာ ဗိုလ်မှူးကြီး ဟရန် သီယို တို့အား အန္တရာယ် ပြုရန် မကြိုးစား တော့ ပဲ ဆုတ်ခွာ ရန် ကြံစည် ဆုံးဖြတ် လိုက်တော့ သည်။

ရန်သူ များ ဆုတ်ခွာ သည် နှင့် ချက်ချင်း ပင် ဗိုလ်မှူးကြီး ဟရန် သီယို အား စစ်သုံး အမ်းမတ် ကား (Armoured Car) ဖြင့် မင်္ဂလာဒုံ စစ်ဆေးရုံ သို့ အမြန်ဆုံး ပို့ဆောင် လိုက် ရသည်။ ဒဏ်ရာ ရထားပြီး ချိန် ကတည်း က သွေးထွက် လည်း လွန်ထားပြီး၊ ဆေး လည်း ထည့်ခွင့် မရရှာ သော ဗိုလ်မှူးကြီး ဟရန် သီယို ၏ မျက်နှာ မှာ ဖြူဖတ် ဖြူလျော်စွာ နှင့်။ ဆေးရုံ ရောက်ပြီး သုံးရက် မြောက်နေ့ သြဂုတ် လ (၈) ရက်နေ့ တွင် သေနတ် ဒဏ်ရာ အခြေ အနေ မကောင်း သဖြင့် သူ၏ ပေါင် ကို အရင်းမှ ဖြတ်တောက် လိုက်ရ လေသည်။ မင်္ဂလာ ဒုံ စစ် ဆေးရုံကြီး မှ ဆေးမှူး ကြီးများ သည်လည်း ဗိုလ်မှူး ကြီး ဟရန် သီယို ကို အထူး ဂရုစိုက် ကုသ ကြ သည်ပင်။ သို့သော် လည်း ပေါင်ဖြတ် တောက် ထားရ သည့် ဗိုလ်မှူးကြီး ၏ အခြေ အနေ မှာ အားရ စရာ တော့ သိပ် မရှိလှ။ သို့သော် လည်း သတ္တိ ခဲ၊ ရဲရဲတောက် သည့် သူ့ စိတ်ဓာတ် ကား အံ့သြ ရလောက် အောင်ပင် မာကြော လွန်း လှပေ၏။ သူ့ အား သတင်း လာမေး သည့် ရဲဘော် ရဲဘက် များကို ပတ်တီး စည်း ထားသော သူ့ ပေါင်ပြတ် အား ပြသ ကာ ရယ်ရယ် မောမော ဖြင့် " ငါတော့ ခွ (ဂွ) ကျ တာပဲ။ ဆေးရုံ က ဆင်းရင် ခြေထောက် တဖက် မရှိ ပဲနဲ့ ဘယ်လို လုပ်ပြီး ဘောလုံး ကန် မလဲ ကွ" ဟူ၍ ဟာသ နှော လိုက် သေးတော့ သည်။ ထိုကဲ့သို့ သတ္တိ ဗျတ္တိ နှင့် ပြည့်စုံ သော ဗိုလ်မှူးကြီး ဟရန် သီယို တယောက် ခဲဆိပ် တက် နေသော ပေါင်မှ ဒဏ်ရာ ကြောင့် ထိုနေ့ ညနေ (၃) နာရီ (၅၀) မိနစ် အချိန် တွင် သူ ချစ်ခင် သော ရဲဘော် ရဲဘက် များ နှင့် သူတွယ်တာ ခင်မင် ရာ တပ်မတော် ကြီး ကို ကြေကွဲ ဝမ်းနည်း ဖွယ် စွန့်ခွာ လျက် သူရဲကောင်း စစ်သည် တို့ ၏ နားခိုရာ ဘုံဗိမ္မာန် သို့ ထွက်ခွာ သွား လေတော့ သည်။ သူ ကျဆုံး ချိန် တွင် သူ၏ အသက်မှာ (၃၀) ဝန်းကျင် မျှသာ။

သူရဲကောင်း တဦး ၏ နောက်ဆုံး ခရီး

သူရဲကောင်း စစ်သည် ဗိုလ်မှူးကြီး ဟရန် သီယို ၏ ကြွင်းကျန် ရစ်သော ရုပ်ကလာပ် ကို သြဂုတ် လ (၁၅) ရက်နေ့ တွင် မင်္ဂလာဒုံ စစ်ဆေးရုံ မှ မင်္ဂလာဒုံ - ပြည် လမ်းမ ကြီးဘေး ရှိ အမှတ် (၁) ချင်း သေနတ်ကိုင် တပ်ရင်း သို့ အခမ်း အနား ဖြင့် ပို့ဆောင်ရာ လိုက်ပို့သည့် တပ်ပေါင်း စုံ နှင့် လူထု ပရိသတ် တို့ မှာ တမိုင် ခန့်ရှည်လျား ခဲ့ပေ သည်။ လိုက်ပါ ပို့ဆောင် သူများ တွင် ကြည်း - ရေ - လေ တပ်ပေါင်းစုံ မှ အရာရှိ ကြီး များ၊ ၀န်ကြီး များ ပါဝင် ခဲ့ကြ သည်။ လမ်း တလျှောက် လုံး တွင် လက်နက် ကိုင် တပ်များ စောင့်ကြပ် လျက် ရှိ၏။ ချင်း တပ်ရင်း (၁) သို့ အရောက် တွင် ရုပ် အလောင်း ကို တပ်မတော် အရာရှိ များ ထမ်းဆောင် ၍ မဏ္ဍပ် အတွင်း စင်မြင့် ၌ တင်ထား ကာ ဗိုလ်မှူးကြီး ၏ ဂုဏ်ပုဒ် များကို ချီးကြူး စကား ပြောကြား ပြီး နောက် ပန်းခွေ များ တင်၍ (၅) မိနစ် ကြာ အလေးပြု ခဲ့ကြ လေ သည်။ ထိုသို့ ဗိုလ်မှူးကြီး ၏ ရုပ်ကလပ် ကို ပြောင်းရွှေ့ ခဲ့ပြီး နောက်၊ သြဂုတ် လ (၁၇) ရက်နေ့ မှ အစ ပြု ၍ နိုင်ငံတော် ဈာပန အခမ်း အနား အဖြစ် ချင်း တပ်ရင်း (၁) စည်းဝေး ခန်းမကြီး ၌ ရန်ကုန် အင်းစိန် နယ် လူထု ၏ အလေးပြု ခြင်း ကို ခံယူ ရန် ထားရှိ ခဲ့လေ သည်။

တာဝန် ကို ဦးလည် မသုံ ထမ်းရွက် သွားသူ ဗိုလ်မှူးကြီး ဟရန် သီယို သည် မတရား မှု ကို အနည်း ငယ်မျှ ပင်လျှင် မနှစ် သက်။ တပ် ထဲတွင် အဆင့် အတန်း မရွေး ပဲ ရင်းနှီး ဖော်ရွေစွာ ပေါင်းသင်း ဆက်ဆံ တတ် သဖြင့် အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သား အားလုံး ၏ ချစ်ခင် လေးစား ခြင်း ကို ခံခဲ့ ရသူ တဦး ပင်။ သူ၏ ရာထူး၊ ဂုဏ်ရှိန် အတွက် မာန တက်မှု လည်း မရှိ၊ စကား ကို ဘွင်းဘွင်း ရှင်းရှင်း ပြောတတ် ပြီး သတ္တိ အရာ ၌ ပြောင်မြောက် လှသူ တဦး ဖြစ်ပေ သည်။ မဟုတ် မခံ ရာ၌ လည်း မကြုံ စဘူး ထူးကဲ အောင် ရှိသည် ဟူ၍ သူနဲ့ အတူ လက်တွဲ လျက် တိုက်ပွဲ ဝင်ခဲ့ ကြ သည့် နီးစပ် သူများ အားလုံး က မှတ်ချက် ချ ရသူ တဦး လည်း ဖြစ်သည်။ သူရဲကောင်း ပီသစွာ ဖြင့် ကျဆုံး ခဲ့ရှာ သော ဗိုလ်မှူးကြီး ဟရန် သီယို အတွက် သူ့ မွေးရပ် မြေ ချင်း တောင်တန်း မှ ချင်း တိုင်းရင်းသား များ အားလုံး နှင့် အတူ ပြည်ထောင်စု ဖွား တိုင်းရင်း သားများ အားလုံး က သတိ တရ ဖြင့် ဂုဏ်ယူ နေကြ မည် မှာ ဧကန် မလွဲ ပင်။ သူ့ ဇာတိ မြေ မှ တောင် ဇလပ်ပန်း များ ၏ မွှေးရနံ့ နှင့် အတူ သူ၏ ဂုဏ် သတင်း သည် ချင်း တောင်တန်း ထက် တွင် မွှေးပျံ့ လျက် ရှိနေ ပါလိမ့် ဦးမည်။ သူ တွယ်တာ ရာ ချင်း တောင်တန်း များ ထက်မှ ဖလမ်း မြို့ ကလေး တွင် ဟရန် သီယို အမည် ရှိသည့် ဘောလုံး ကွင်းကြီး သည် နောင် အနာဂတ် တွင် မွေးဖွား လာကြ မည့် ချင်း တိုင်းရင်းသား လူငယ် များအား အတိတ် ကာလ များ ဆီက ဗိုလ်မှူးကြီး ဟရန် သီယို ဟု အမည် တွင်သည့် ချင်း သူရဲကောင်း တပ်မတော် သား တဦး ၏ သမိုင်း ကြောင်း ကို လက်ဆင့် ကမ်း ကာ ပြောပြ နေပါ လိမ့် ဦးမည်။ နေ့ ကို လစား၊ လကို နှစ်စား ရင်း အချိန် ကာလ သက္ကရာဇ် မိုင်တိုင် များ မည်၍ မည်မျှ ပင် ရွေ့လျား ပြောင်းလဲ ခဲ့စေ ကာမူ " တောင်တန်း မြေ မှ ကြယ် တပွင့်" သည် ဤ နိုင်ငံ ၏ သမိုင်း စာမျက်နှာ များ ထက်တွင် အစဉ် လင်းလက် တောက်ပ နေမည် မှာ အသေ အချာ ပင် ဖြစ် ပေတော့ သည်။

No comments:

Post a Comment