Popular Posts

Sunday, November 30, 2014

လေးကတိ တိုက်ပွဲ ( သို့ ) လျှပ်စီး စစ်ဆင်ရေး


အချိန် က ၁၉၇၃ ခုနှစ် မိုးကာလ အစပိုင်း။ နေရာက မြန်မာ နိုင်ငံ အလယ် ပိုင်း ပဲခူး ရိုးမကြီး။ ရိုးမ ပေါ် ရှိ ဗကပ ဥက္ကဌ သခင်ဇင် သည် အဟာရ ပြတ် လတ် ကာ ကျန်းမာ ရေး ဆိုးရွား နေသည်။ သခင်ဇင် သည် ၁၉၆၃ ခုနှစ် ငြိမ်ချမ်း ရေး ဆွေးနွေး ပွဲ ကာလ ရန်ကုန် မြို့တွင် နေထိုင် ခဲ့စဉ် က ယိုယွင်း ပျက်ဆီး နေသော သွား များ ကို အသစ် တဖန် ပြုပြင် ခဲ့ ရသည်။ သွားတု များ တပ်ဆင် ခဲ့ရသည်။ ၄င်း သွားတု များ ကြောင့် သာ စားနိုင် ၀ါးနိုင် နေခြင်း ဖြစ်သည်။ သို့သော် လည်း ကြာကြာ ၀ါးသော စားသော သွားများ သည် ပို၍ပို၍ ယိုင်နဲ့ လာခဲ့သည်။ ထို အခြေအနေ တွင် တပ်မတော် ၏ စစ်ဆင်ရေး များ အကြား ပြေးရင်း လွှားရင်း ဖြစ် သွားတု အံကပ် မှာ ပြုတ်ကျ ကျန်ခဲ့ တော့ သည်။ သခင်ဇင် တွင် သွား တစ်ချောင်း မျှ မရှိတော့။ စားမရ ၀ါး မရ နှင့် အရည် ကို သာ မျိုချ နေရတော့ သည်။ ထို့ကြောင့် သခင်ဇင် ၏ ကျန်းမာရေး အခြေအနေ မှာ ကြာလေ ဆိုးလေ ဖြစ်လာ ခဲ့သည်။

ထို့ကြောင့် ဗကပ ထန်းတပင် မြို့နယ် တာဝန်ခံ အောင်ငွေ ( ခ ) ရဲဘော် ရဲအောင် ( ကိုကိုး ကျွန်း မှ ထွက်ပြေး ခဲ့သူ ) သည် ဖြူး မြို့ မှ သွားစိုက် ဆရာ ကိုသန်းဝင်း ကို ဆက်သွယ် ကာ အထူး အစီ အစဉ် ဖြင့် ဥက္ကဌ သခင်ဇင် ထံသို့ စေလွှတ် ပေးခဲ့သည်။ ထိုစဉ် က သခင် ချစ် နှင် ဗကပ ဗဟို ဌာန ချုပ် သည် ကျောက်တံခါး မြို့နယ် ဆားပြင်ရွာ ၏ အနောက် မြယာပင် ကြော လေးကတိ မြောင် တွင် စခန်း ချ လျက် ရှိကြသည်။ ထိုစခန်း ကို လေးကတိ စခန်း ဟု ခေါ်တွင် သည်။

မြယာပင် ကြော ၌ မိုးသည် ဖြိုင်ဖြိုင် ရွာချ နေပြီ။ သွားစိုက် ဆရာ သည် သခင် ဇင် အား သွားတု များ တပ်ဆင် ပေး ပြီး နောက် ဗကပ အောင်ဇေယျ တပ် သို့ ရောက်ရှိ ခဲ့သည်။ ၄င်း အား ဗဟို ဌာနချုပ် လျှို့ဝှက် ရေး အရ ခေါ်ယူ ထား ခြင်း ဖြစ်သည်။ ထိုစဉ် က အောင်ဇေယျ တပ် ၏ နိုင်ငံရေး မှုး ဗိုလ် သိန်း ထွန်း ၊ တပ်မှုး ရဲဘော် မြဟန် ၊ မောင်ခိုင် ( ရဲဘော်ဌေး ၏ သားကြီး ) နှင် မကျင်သောင်း စသူ တို့ က သွားစိုက် ဆရာ အား တော တွင်းသို့ တိတ် တဆိတ် ခေါ်ယူ ၍ ၄င်းတို့ ၏ သွားများ ကို အလှပြင် စေခဲ့ သည်။ လှပသော ရွှေသွား များ စိုက်စေ ခဲ့သည်။ ထို့နောက် တွင်တော့ ရဲဘော် အချို့ သည် လျှို့ဝှက် ရေး အတွက် သွားစိုက် ဆရာ အား လုပ်ကြံ ရန် ကြံစည် လာ ကြတော့ သည်။ သို့ရာ တွင် ၄င်း အစီအစဉ် မှာ အထ မမြောက် ခဲ့ပေ။

ထိုစဉ် က ဗကပ ဗဟို တွင် ၄င်း ၊အောင်ဇေယျ တပ်တွင် ၄င်း အစား အသောက် ပြတ်လပ် ပြီး ရိက္ခာ အခက်အခဲ နှင့် ရင်ဆိုင် နေ ရပြီ ဖြစ်သည်။ ထို့ ကြောင့် သွားစိုက် ဆရာ အား တောတွင်း သို့ ပို့ပေး ခဲ့သော ရဲဘော် များသည် လည်း တစ်ဦး ပြီး တစ်ဦး လက်နက်ချ အလင်း ၀င် ကုန်ကြ ပြီ။ နောက်ဆုံး တွင် သွားစိုက် ဆရာ ကိုသန်းဝင်း သည် ဇူလိုင် လ ဒုတိယ ပတ်တွင် ထန်းတပင် မှ တဆင့် ဖြူးမြို့ သို့ လျှို့ဝှက်စွာ ပြန်လည် ရောက်ရှိ လာခဲ့ သည်။

၁၉၇၃ ခုနှစ် နှစ်စ တွင် အမှတ် (၇၇) ခြေမြန် တပ်မ ဌာနချုပ် အား ညောင်လေး ပင် တွင် အခြေပြု စေပြီး ဗကပ ဗဟို နှင့် ဇင် ချစ် ချေမှုန်းရေး အား ဆောင်ရွက် စေခဲ့သည်။ ဗဟို ၏ သတင်း များ ကို ထောက်လှမ်း သည်။ တပ်မ ကွန်မန်ဒို တပ်ဖွဲ့ အား ဖွဲ့စည်း လေ့ကျင့် စေ ခဲ့သည်။ စုဖွဲ့ မှု ကို ၁၉၇၃ ဖေဖော်ဝါရီ လ မှ စတင် ခဲ့ သည်။ တပ်မ ကွပ်ကဲမှု အောင် တပ်ရင်း များ မှ တပ်ရင်း တစ်ရင်း လျှင် လက်ရွေးစင် ၁၀ ဦး ကျ ဖြင့် အင်အား ၁၀၀ ယောက် ဖြင့် စတင်ဖွဲ့ စည်း ခဲ့သည်။ ကွန်မန်ဒို တပ်ဖွဲ့ သည် နံနက် တိုင်း လက်နက် ခဲယမ်း အပြည့် အစုံ ဖြင့် ညောင်လေးပင် မှ ပြွန်တံဆာ ဘက် သို့ အပြေး ချီတက် ပြီး အပြန် တွင် ကွန်မန်ဒို သင်ခန်းစာ များ ကို ပြင်းပြင်း ထန်ထန် လေ့ကျင့် ရသည်။ နေ့လည် ဘက် တွင် သင်ခန်းစာ များ ပို့ချရာ ၌ ကွန်မန်ဒို ဆိုင်ရာ သင်ခန်းစာ များ ကိုသာမက တိုက်ပွဲ အတွေ့အကြုံ များ ကို ပါ ဆွေးနွေး ပို့ချ သည်။

ထို ကွန်မန်ဒို တပ်ဖွဲ့ ကြီး ၏ တပ်မှုး အဖြစ် ခမရ (၁၀၁) မှ ဗိုလ်ကြီး လှဝင်း။တပ်စု မှုး အဖြစ် ရှမ်း (၁) မှ ဒုဗိုလ် မြင့်ဆွေ တို့ဦးစွာ ရောက်ရှိလာ ခဲ့ပြီး နောက် ဧပြီ ၆ ရက်နေ့ တွင် ခလရ (၆) မှ တပ်စု တစ်စု နှင့်ပူးပေါင်း ကာ တပ်စု (၄) စုပါ ကွန်မန်ဒို စစ်ကြောင်း အား ဗိုလ်မှုး သူရ တင်ဖေ (ဗိုလ်မှုး ကြီး သူရ တင်ဖေ၊ ရန်ကုန် မြို့တော်ဝန် ၊ ကွယ်လွန်) မှ ဦးစီး ကာ ပဲခူး ရိုးမ တောင်ပေါ် ၁၄ ရွာ နှင့် ကညင်ဒုံ ၉ ရွာ ဒေသ သို့ နယ်မြေ ကျွမ်းကျင်မှု ရှိစေရန် အတွက် နှစ်ပတ် ကြာ တက်ရောက်ပြီး လေ့ကျင့် ရင်း လှုပ်ရှား ရသည်။ ရန်သူ့ အဖွဲ့ ငယ်များ နှင့် ထိတွေ့ မှု များ ဖြစ်ပွား ခဲ့ပြီး မိမိ ထိခိုက် မှု မရှိဘဲ ရိုးမပေါ် တွင် အောင်မြင်စွာ လှုပ်ရှား နိုင်ခဲ့ သည်။

တပ်မ အနေ ဖြင့် ဗဟို အား တိုက်ကွက် ဖော် နိုင်ရန် အတွက် သတင်း များ အဆက်မပြတ် စုံစမ်း ထောက်လှမ်း လျှက် ရှိသော် လည်း ဗကပ တို့ သည် လွန်စွာ လျှို့ဝှက် သိပ်သည်း သူများ ဖြစ်သဖြင့် သတင်း ဖော်ထုတ် ရရှိ ခြင်း မရှိ ခဲ့ပေ။ ဆက်သွယ် ရေး စက်များ မှလည်း ကြားဖြတ် သတင်း ဖမ်းယူ ရရှိ မှု မရှိခဲ့ ချေ။ သို့ရာ တွင် ၁၉၇၃ ခုနှစ် ဇူလိုင် လတွင် မူ ဗကပ ဗဟို ၏ သတင်း ကို ရရှိ ခဲ့ တော့ သည်။ ၁၉၇၃ ဇူလိုင်လ တပ်မ စစ်ဆင် ရေး အစည်း အဝေး တွင် စစ် ဦးစီးမှုး ( တတိယတန်း ) မှ အောက်ပါ သတင်း ကို ရှင်းလင်း တင်ပြ လေသည်။ ပြီးခဲ့သည့် ဇွန်လ က ဖြူးမြို့နယ် မှ သွား စိုက် ဆရာ သန်းဝင်း စစ်တောင်း မြစ်ကမ်း ကျေးရွာ များ သို့ သွားစိုက် ပေးရန် သွား စဉ် ဗကပ များ မှ ဖမ်းဆီး ခေါ်ဆောင် သွား ကြောင်း။ နောက် နှစ်ရက် ခန့် အကြာ တွင် ကားလမ်း အရှေ့ဘက် မှ ဗကပ ၁၅ ဦးခန့် ည အချိန် ကားလမ်း ကို ဖြတ် ပြီး ပဲခူး ရိုးမ တောင်ပေါ် သို့ တက်သွား ကြောင်း။ အဆိုပါ ဗကပ များ သည် ဖြူးမြို့ အနီး မှ ဖြတ်သွား ပြီး ၄င်း တို့ နှင့် အတူ သွားစိုက် ဆရာ ၀န်းဝင်း ပါ သွားကြောင်း သတင်း ရရှိ ခဲ့ ပါ သည်။ သွား စိုက် ဆရာ သန်းဝင်း မှာ သာမန် အရပ်သား တစ်ယောက် သာ ဖြစ်ပြီး ၄င်း သတင်း မှာ လည်း ထူးခြား သတင်း မဟုတ် ခဲ့ပေ။

၁၉၇၃ ခုနှစ် ဇူလိုင်လဆန်း တွင် သွားစိုက် ဆရာ သန်းဝင်း ဖြူးမြို့ သို့ ပြန်လည် ရောက် ရှိလာ ခဲ့ ရာ ဖြူးမြို့ အခြေပြု နဗဟ (၇၇၂) မှ ခေါ်ယူ စစ်ဆေး မေးမြန်း သည့် အခါ ပဲခူး ရိုးမ ပေါ်မှ ပြန်လည် ရောက်ရှိ လာ ပြီး ဗကပ ထန်းတပင် မြို့နယ် တပ်မှ မြို့နယ် မှုး သန်းမြင့် ၏ စခန်း တွင် ထိန်းသိမ်း ထား ချိန် ခလရ (၃၉) မှ စခန်း အား ၀င်ရောက် တိုက်ခိုက် စဉ် ထွက်ပြေး လွတ်မြောက် ခဲ့ကြောင်း သိရ သည်။ ဗကပ များ ဖမ်းဆီး ထားစဉ် ၄င်း ၏ အတွေ့ အကြုံ များ မှာ ထူးခြား မှု ရှိသဖြင့် နဗဟ ၇၇၂ နည်းဗျူဟာ မှုး ဗိုလ်မှုးကြီး ခင်ကျော်ညို မှ တပ်မ သို့ စစ်မေး ချက် နှင့် အတူ ပေးပို့ လိုက် သည်။ သွားစိုက် ဆရာ သန်းဝင်း အား တပ်မ စစ် ဦးစီးမှုး ဒုတိယ တန်း ဗိုလ်မှုး မျိုးညွှန့် ( နောင် ရန်ကုန် တိုင်း တိုင်းမှုး ) နှင့် စစ် ဦးစီး မှုး တတိယ တန်း ဗိုလ်ကြီး စိုးတင့် ( နောက် စစ်ဦးစီး တက္ကသိုလ် ကျောင်းအုပ် ကြီး )တို့ က အသေးစိတ် စစ်ဆေး ခဲ့ ကြသည်။ စစ်ဆေး ချက်များ အရ မိုးဘုံးချင်း လယ် ရွာ မှ ဆားပြင် ရွာ သို့ သွားသည့် လမ်း ၏ အနောက် ဖက် တစ် နေရာ တွင် ဗကပ ဗဟို ခိုအောင်း နေနိုင် ကြောင်း သုံးသပ် ပြီး တပ်မ မှုး ထံ သို့ တင်ပြ လိုက်ကြ သည်။

တပ်မ မှုး ဗိုလ်မှုးကြီး သူရ ထွန်းရီ သည် စစ်မေးချက် ၊ တွေ့ရှိချက်၊ သုံးသပ် ချက် တို့ ကို လေ့လာ ပြီး မြေပုံ ဖြန့်ကာ လေးကတိ ချောင်း နှင့် မြစ်ချောင်း ဖျား ရှိ တောင်ကြော ပေါ် တွင် ခဲတံ အနီ ဖြင့် ၀ိုင်းလိုက် သည်။ ထို့နောက် တပ်မမှုး က တိုက်ပွဲ ၀င်မည့် ကွန်မန်ဒို တပ်ဖွဲ့ မှုး အား ခေါ်ယူ ပြီး " ကဲ ... မင်း တို့ နားထောင်။ ဟောဒီ တောင်ကြော ပေါ် မှာ ရန်သူ့ ဗဟို ရှိနိုင် တယ်။ မင်းတို့ ဒီက နေပြီးတော့ အဲ့ဒီ ကို ချီတက်။ အကွာ အဝေး အား ဖြင့် နှစ်ရက် သုံးရက် တော့ ကြာမယ်။ ညအချိန် မှာ လျှပ်စီဒ လက်သလို ၀င်ရောက် တိုက်ခိုက် ရမယ်။ ဒါ့ကြောင့် ဒီ စစ်ဆင်ရေး ကို လဲ လျှပ်စီး စစ်ဆင် ရေး လို့ နာမည် ပေးမယ်။ ဒီတော့ စစ်ကြောင်း မှုး က အဆင်သင့် ဖြစ်တာ နဲ့ ကနေ့ ညနေ ဒီ က စထွက် တော့ " ဟု တပ်မ မှုး မှ စစ်ဆင်ရေး Briefing ကို အဆုံး သတ် လိုက် သည်။

စုဖွဲ့ခြင်း

တပ်မ ကွန်မန်ဒို စစ်ကြောင်း အား စစ်ကြောင်းမှုး ဗိုလ်မှုး ထွန်းရွှေ ( ဗိုလ်ချုပ် ထွန်းရွှေ ၊ ယခင် ရပခ တိုင်းမှုး ၊ ယခု ကွယ်လွန် ) ၊ ခမရ (၁၀၁) မှ ဗိုလ် ကြီး လှဝင်း နှင့် တပ်စု တစ်စု ၊ ရှမ်း (၁) မှ ဒုဗိုလ် မြင့်ဆွေ နှင့် တပ်စု တစ်စု ၊ ခလရ (၈) မှ ဗိုလ် အောင်မြင့်သူ နှင့် တပ်စု တစ်စု ၊ ခမရ (၁၀၅) မှ ဗိုလ် ခင်မောင်ဆွေ နှင့် တပ်စု တစ်စု စုစုပေါင်း တပ်စု လေးစု ပါ ကွန်မန်ဒို စစ်ကြောင်း ကို စုဖွဲ့ ခဲ့သည်။ ပိတ်ဆို့ ရေး နှင့် အရံ စစ်ကြောင်း များ အဖြစ် ခမရ (၁၀၁) နှင့် ခမရ (၁၀၆) တို့ အား တာဝန် ပေးအပ် ခဲ့သည်။

ချီတက် ခြင်း

ဗိုလ်မှုး ထွန်းရွှေ ဦးစီး ကွန်မန်ဒို စစ်ကြောင်း သည် ၁၉၇၃ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့ ည တွင် ပဲနွယ်ကုန်း မှ ခင်သာ၊ ရေအေး၊ သံပုရာခုံ လမ်းကြောင်း ကို မှီးပြီး ရွာ များ ကို ရှောင်ကွင်း ကာ ပဲခူး ရိုးမ ပေါ် သို့ ဦးတည် ချီတက် ခဲ့သည်။ ရွာသူ ရွာသား များ မသိစေရန် လမ်း မသုံး ပဲ လယ်ကွင်း များ ဗွက် တော များ ကိုင်းတော များကို ညအချိန် မမြင်မစမ်း နှင့် ပင်ပမ်း ဆင်းရဲ စွာ ဖြတ်သန်း ချီတက် ခဲ့ကြ သည်။ ဇူလိုင် ၁၄ ရက်နှင့် ၁၅ ရက်နေ့ တွင် တုံကန် ချောင်း အား အမှီပြု ၍ တနေကုန် နှစ်ရက် ချီတက် ကြသည်။ တောင်ကြော များ အား ဖြတ်တက် ဖြတ်ဆင်း ရသည်။ မိုးရာ သီ ဖြစ်သဖြင့် ရဲဘော် များ မှာ စိုရွှဲ နေသည်။ ည အချိန် သစ်ဝါး ခုတ်ခွင့် မပြု သဖြင့် ယာယီ တဲ မထိုး ရဘဲ ပလတ်စတစ် ခြုံပြီး သာ ငုတ်တုတ် အိပ် ကြ ရသည်။ တောင်ပေါ် တွင် လှုပ်ရှား နေသော ရန်သူ့ တပ်ဖွဲ့ ငယ်များ ရန်သူ့ အမာခံ များ မသိစေရန် အတွက် လျှို့ဝှက်စွာ ချီတက် ခဲ့ကြ သည်။ ဇူလိုင် ၁၆ ရက်နေ့ တွင် ဗိုလ် အောင်မြင့်သူ ဦးစီး တပ်စု ပွိုင့် သွား ရသည်။ ကြတ်ချောင်း နှင့် မြစ်ချောင်း ဆုံပြီး တုန်ကန် ချောင်းမကြီး အဖြစ်စီးဆင်း သည့် ချောင်းဆုံ အရောက် တွင် ချောင်း အတိုင်း ဆက်လက် ချီတက် ခဲ့ကြ သည်။ ဗိုလ်အောင်မြင့်သူ ၏ တပ်စု တွင် ဗကပ အလင်းဝင် စန်းမောင် ပါသည်။ သူက တောကျွမ်း သူ ဖြစ်၍ ပွိုင့် တပ်စိတ် နှင့် အတူ ချီတက် ရသည်။ တစ်နေရာ အရောက် တွင် ချောင်း အတိုင်း ပျံလာ သော ငှက်ကလေး တစ်ကောင် ကို တွေ့ လိုက်သည် နှင့် စိန်းမောင် မှ နေရာ ယူ ရန် အချက် ပြလိုက်သည်။ ပွိုင့် တပ်စု က ချောင်း ဘေး ၀ဲယာ ချုံ များ တွင် နေရာ ယူ လိုက်သည်။ ချောင်း အတိုင်း ခွေး တစ်ကောင် ထွက်လာပြီး ပေ ၅၀ ခန့် အကွာ တွင် ရပ်၍ အနံ့ ခံသည်။ မကြာမီ ပလိုင်းလွယ် ထားသော ရွာသား တစ်ယောက် ဆက်ထွက် လာသည်။ စန်းမောင် က ထိုရွာသား ကို ခေါ်ယူ စုံစမ်း သည့် အခါ လေးကတိ ချောင်း နှင့် မြစ်ချောင်း ဆုံသည့် နေရာမှ စ၍ ချောင်းဖျား ပိုင်း သို့ သားငါး ရှာခြင်း မပြု ရန် ဗကပ မှ တားမြစ် ထား သဖြင့် ယခု သွား ၍ မရ ကြောင်း ၊ ယခင် က ရောက်ဘူး ကြောင်း ၊ အောက် ခြေ ရှုပ်ထွေး သော ၀ါး သပွတ်တော များ ရှိကြောင်း ၊ချောင်းဆုံ အနီး တောင်ယာ ၌ ငထွန်း ဆိုသူ ရှိကြောင်း ၊ လမ်းကျွမ်း ကြောင်း စုံစမ်း သိရှိ ရသည်။

ထိတွေ့ ခြင်း


နောက်တနေ့ ဇူလိုင်လ ၁၇ ရက် နံနက် စောစော တွင် တောင်ယာ တဲ မှ ငထွန်း အား ဒုဗိုလ် မြင့်ဆွေ တပ်စု မှ သွားရောက် ခေါ်ယူ ပြီး ဆက်လက် ချီ တက် ခဲ့ ကြသည်။ လေးကတိ ချောင်း နှင့် မြစ်ချောင်း ဆုံရာ နေရာ မှ စပြီး တောင်ကြော အတိုင်း ချီတက် ခဲ့ရာ နံနက် ၀၉း၃၀ နာရီ ချိန် တွင် တပ်မမှုး သတ်မှတ် ပေး ထားသော နေရာ အနီး သို့ ရောက်ရှိ သည် နှင့် ရန်သူ့ ကာကင်း အဖွဲ့ နှင့် စတင် ထိတွေ့ မှု ဖြစ်ပွား တော့ သည်။ ဗကပ ကာကင်း မှ ရန်သူ ဟု အဆက် မပြတ် အော်ဟစ် ပြီး ပစ်ခတ် တိုက်ခိုက် တော့ သည်။ ရန်သူ့ ကာကင်း အဖွဲ့ နေရာ ယူ ထားသော တောင် ကုန်း မှာ ပေ ၂၀ ခန့်သာ ကျယ်ပြီး တပ်ဖြန့် ရန် ခက်ခဲ လှ သဖြင့် ပွိုင့် တပ်စု မှ တပ်ကြပ် ကြီး ကျော်မြင့် သည် ရှေ့ သို့ အတင်း တက်ပြီး ရန်သူ့ ကာကင်း အား ပစ်တက်တက် ကာ တိုက်ခိုက် ပြီး ကာကင်း ကုန်း လေး အား သိမ်းပိုက် လိုက်သည်။ တပ်ကြပ်ကြီး ကျော်မြင့် မှာလည်း ၄င်း ကာကင်း ကုန်း မှာ ပင် ရန်သူ့ ကျည်သင့် ကျဆုံး ခဲ့ ရသည်။ တပ်စု မှုး ဒုဗိုလ် မြင့်ဆွေ တပ်စု က ပင်မ တောင်ကုန်း အား ပစ်အား သုံး ကာ အတင်း တက်ရောက် တိုက်ခိုက် ရာ ဗကပ များ ဖရိုဖရဲ နှင့် အဖွဲ့ များ ကွဲ ကာ ဆုတ်ခွာ သွား ကြရသည်။ ဗကပ အလောင်း နှစ်လောင်း ၊ G 4 တစ်လက် နှင့် ပစ္စည်း များ စာရွက်စာတမ်း များ သိမ်းဆည်း ရမိ ခဲ့သည်။ သိမ်းဆည်း ရမိ စာရွက်စာတမ်း အထောက် အထား များ အရ ဗကပ ဗဟို ဖြစ်ကြောင်း စိစစ်တွေ့ ရှိရ သဖြင့် တပ်မ သို့ ဖြစ်စဉ် အား တင်ပြ လိုက်သည်။ ဇူလိုင် လ ၁၈ ရက်နေ့ တွင် တိုင်းမှုး နှင့် တပ်မမှုး တို့ ရဟတ်ယဉ် ဖြင့် ဆားပြင်ရွာ သို့ ရောက်ရှိ လာခဲ့ပြီး သိမ်းဆည်း ရမိ စာရွက် စာ တမ်း အထောက် အထား များ အရ ဗကပ ဗဟို ဇင်ချစ် စခန်း ဖြစ်ကြောင်း အတည် ပြု နိုင်ခဲ့ သည်။

ဗကပ ဗဟို သည် လေးကတိ တိုက်ပွဲ ပြီး နောက်ပိုင်း တွင် ၄င်း တို့ ၏ အောင်နိုင် နှင့် အောင်ဇေယျ တပ် များ နှင့် အဆက် အသွယ် ပြတ်တောက် ကာ တကွဲ တပြား စီပြေးလွှား ပုန်းအောင်း နေခဲ့ ကြ ရာ မှ နောင် တနှစ်ခွဲ ခန့် အကြာ တွင် အပြီး တိုင် ချေမှုန်း ခြင်း ခံရ လေတော့ သည်။

သောင်းဝေဦး




No comments:

Post a Comment