Popular Posts

Sunday, November 30, 2014

ငါသည် စစ်ခွေး


မွေးကတည်း က စစ်ခွေး အဖြစ် မွေးလာ တာတော့ ဟုတ် မလား ဗျ။ ကိုယ့် ဖာသာ ကိုယ် ဒီလိုပဲ ရပ်ကွက် ထဲမှာ ကစား နေတုန်း အဲဒီ စစ်သားကြီး က လာ ဖမ်း ခေါ် သွား ခဲ့တာ။ ၁ ပေ မကျော် တဲ့ ကိုယ့် အရပ် အမောင်း ကိုပဲ အပြစ်တင် မလို။ နောက်တော့ လဲ သိလာ ရတာ တွေ က ကိုယ့်ကိုယ် ကိုယ်တောင် မာန် တက် ချင် စရာ ရှေ့လက် ၂ ဖက် နောက်ခြေ ၂ ချောင်း သန်စွမ်း မှ တဲ့ မျက်လုံး မကန်း ရ ယုံ ဘယ် ဟုတ်မလဲ မျက်ဝတ် ပါ မထွက် ရဘူး တဲ့။ စည်း ကမ်း ချက် စာရွက် ဖတ်ဖူးလား တော်ရုံ နဲ့ စစ်ခွေး ဖြစ်မယ် ထင် လို့ လား။

ကိုယ့်ကို ဖမ်းခေါ် လာတဲ့ စစ်သားကြီး က ကိုယ့်ကိုယ် အထုတ်ထဲ ကလည်း ထုတ် လိုက် ရော တွေ့ လိုက် ရတာ က အိုး ..... မနည်း မနော ပါလား။ ကိုယ့် လို ဘ၀ တူတွေ နယ်ပေါင်း စုံ က စစ်ခွေး လောင်းတွေ ဆိုတာ။ ဘယ် အရပ် ထဲက နဲ့ တူတော့ မလဲ။ ကိုယ့် ဆရာ တွေ လိုပဲ ရှေ့ကြည့် သတိ ညာညှိ သက်သာ အေးစေ တွေ လုပ် ရတော့ တာပေါ့။ ဆရာ တွေ ချည်းပဲ ဆိုရင် တော့ တန်း စီရင် လက်တစ် ဆန့်အကွာ စီ ရတာလေ။ ကိုယ်တွေ ပါတော့ လက် ၂ ဖက် ဆန့် စီ စီရရော။ စစ ချင်းတော့ ဘယ် အကောင် ကမှ ငြိမ်ငြိမ် မနေ ပါဘူး။ ကိုယ့်ကို ကြိုးတိုတို နဲ့ ညာလက် ကနေ ဆွဲထား တဲ့ ကိုယ့် ဆရာတွေ ခြေရင်း ကနေ တစ်ကောင် နဲ့ တစ်ကောင် မာန်ဖီ နေကြ တာပေါ့။ စိတ် မရှည် တဲ့ ဆရာ ကတော့ သူ့ အကောင် ကို ကန်ရော။ ဒါပေမယ့် ဗျို့။ နည်းပြ ကြီး က အဲဒီ ဆရာ ကို "ဟေ့ကောင် တန်းရှေ့ ထွက် " လို့ အော်ပြီး " ဒီ ခွေးဟာ တပ်မတော် ရဲ့ ခွေးကွ။ ဒီခွေး တစ်ကောင် ဟာ မင်းတို့ ရဲဘော် တွေရဲ့ အသက် ကို ကယ်မှာ။ ဒါ့ကြောင့် ရဲဘော် အားလုံး ခွေးကို မရိုက် ပါနဲ့ " လို့ ပြောပါ လေ ရော။

ခင်ဗျား တို့ စစ်ရေး ပြ နဲ့ တော့ နဲနဲ ကွဲတယ်။ လက်ရော ခြေရော ၄ ချောင်း လုံး စုံရပ် တာ ရှေ့ကြည့် သတိ။ လက် ၂ ချောင်း မြေထောက် ပြီး ဖင်ထိုင် ချတာ သက်သာ အေးစေ။ ရှေ့ကြည့် သတိ ကို လည်ကုပ် ကြိုး ဆောင့်ဆွဲ ပြီး သင်တယ်။ သက်သာ အေးစေ ကို ဖင်ကို လက်ဝါး နဲ့ ခပ်ဆတ်ဆတ် ရိုက် သင် တယ်။ မတတ် မခြင်း ပဲ။ နဂို ကမှ ထွက်နေ တဲ့ လျှာ ပိုဆိုး ပေါ့။ စစ်ပုံ လည်း ၀င်သွား ရော အချင်းချင်း မာန်လည်း မဖီ တော့ဘူး။ ဘ၀တူ သင်တန်းသား အချင်းချင်း ဆိုပြီး လျှာနဲ့ လျက်ပေး နေကြ တော့ တာ ပါပဲ။ အမယ် ခင်ဗျား တို့ လဲ အရပ်သား စိတ် ပျောက်အောင် ဘယ်လောက် ကြာ ခဲ့တယ် ဆိုတာ ကိုယ့် ကိုကိုယ် အသိဆုံး နော်။ လေးစား စမ်း ပါ။

နောက် တစ်ဆင့် ကတော့ အနမ်း သင်ခန်းစာ ပါ။ ပေါက်ကရ တွေ မတွေး စမ်း ပါနဲ့။ ယမ်း ကျည်ဆန် မိုင်း တွေ ကို နမ်း ရတာဗျ။ ဒီ အနံ့ တွေနဲ့ ယဉ်ပါး ဖို့ လိုတယ် လေ။ မနမ်းခင် အမြဲ အီကွေးမင့် ၀တ် ရတယ်။ ခင်ဗျား တို့ မှ အီကွေးမင့် ရှိတာ မဟုတ်ဘူး နော်။ လက် ၂ ချောင်း ကနေ စွပ်ပြီး ခါးမှာ ပတ် ပေးတာ။ အဲဒါ ပတ်ပြီ ဆိုတာ နဲ့ ရှာဖွေ ရေး တာဝန် ကျ ပြီ ဆိုတာ သိပြီးသား။ ရှာတွေ့ပြီ ဆိုတာ နဲ့ အဲဒီ ပေါက်ကွဲ ပစ္စည်း နားမှာ အေးစေ အနေ အထား နဲ့ သခင် ကို မျှော်။ ဒီလို ရှာဖွေ နည်းတွေ တင် ဘယ်က ပါ့ မလဲ လေ။ စစ်ခွေး တို့ တတ်အပ် သော ပညာတွေ ဖြစ်တဲ့ မီးကွင်း ဖြတ်ကျော် ခုန်ဝင် ခြင်း ၊ လူးလှိမ့် သွားခြင်း ၊
တွားသွား ခြင်း ၊ ကျည် အစစ် နဲ့ ပစ်ခတ် နေစဉ် မျောက်ခုန် သွားခြင်း ဒါတွေ လည်း သင်ရ တာပေါ့။

သင်တန်း ဆင်းပြီး တဲ့ အခါ မှာ တော့ ရပ်ထဲ ရွာထဲ က ဆန်ကုန် မြေလေး ခွေးတွေ နဲ့ ကွာသွား ပြီ။ ကိုယ့် ဆရာ နဲ့ ညနေ လမ်းလျှောက် ထွက်ရင် ၀ိုင်းကြည့် နေကြ တဲ့ ခွေးပျို မတွေ ကြားမှာ ခေါင်းမော့ လည်ခါ နဲ့ လေ။ စစ်ဆင်ရေး ထွက်တော့ လည်း ရထား တန် ရထား ကား တန် ကား တပ်ရင်း တစ်ရင်း လုံး နဲ့ အတူ ရှေ့တန်း ရောက်တော့ လည်း ပွိုင့်ဆို ကိုယ်ပဲ။ ကိုယ့် ဆရာ နဲ့ ကိုယ်ရှာ ရသမျှ မိုင်းတွေ ကို ကိုယ့် ဆရာ က ဖြုတ်။ တစ်ခါမှ လွဲချော် တာ မရှိ တော့ ကိုယ့်ကို တစ်ရင်း လုံး က ချစ်ကြ တာ ကလား။ တိုက်ပွဲ ဖြစ်ပြီ ဆိုရင် လည်း ကိုယ့် ဆရာ အပါ အ၀င် ရဲဘော် တွေ က သူတို့ ကတုတ် ကျင်း ထက် ကိုယ့်ကို အရင် ကျင်းတူး ပေးကြ တယ်။ ကျည်ကွယ် ရတာ နဲ့ ခေါင်းနဲ့ မြေ ပြား နေအောင် ၀ပ်ဖို့ ကျောင်းမှာ ကတည်း က သင်ပေး ထား တယ်လေ။ ကျည်နဲနဲ ရှင်းတာ နဲ့ ကျင်းပေါ် လက်တင် ပြီး ကိုယ့် ဘော်ဘော် တွေ အန္တရာယ် ကင်းရဲ့ လား ကြည့် ရတာ လဲ အမော ဗျ။

ပြသနာ က တပ်ရင်း မှူး ကြီး။ သူက ကိုယ့်ကိုယ် ချစ်တော့ သူ့ အနား ပဲ ခေါ်ထား ချင် တာ။ သူ့နား မှာ သေချာ ခင်းကျင်း သိပ် ချင်တာ။ သေချာ လည်း ကျွေး တာ။ ဒါပေမယ့် ဗျာ။ ခင်ဗျား တို့ သာ လူ ကြီး နား နေချင် ရင် ရှိမယ်။ ကိုယ်က မနေချင် ဘူးဗျ။ တပ်ခွဲမှာ တပ်စု မှာ ပဲ ဘော်ဘော် တွေ နဲ့ နေ ချင် တာ။ ဘော်ဘော် တွေ ကမှ ရွာထဲ ခဏ ခဏ သွားတာ။ ကိုယ်တွေ လည်း လိုက်သွား ရင်း နဲ့ မျက်စိ အစာလေး ဘာလေး ကျွေးပေါ့။ အမယ် .... ဒါတွေ ခင်ဗျား သိ ပါ တယ်။

ဒီလိုနဲ့ စစ်သက် ၂ နှစ်လောက် အကြာ စစ် ဆင်ရေး ကြီး တစ်ခု မှာ ရန်သူ့ အခိုင် အမာ စခန်း တစ်ခု ကို ကိုယ်တွေ တပ်ရင်း က သိမ်းပိုက် ဖို့ တာဝန်ကျ လာ တယ် ဆိုပဲ။ တပ်ရင်း ချီတက် လာမယ့် လမ်း တစ်လျှောက် မိုင်းတွေ မြုပ်ထား ပြီး စောင့်နေ သတဲ့။ ကိုယ့် အစွမ်း ပြ ရသေး တာပေါ့ လို့ ကြိမ်းဝါး မဆုံး သေးခင် လမ်း အတိုင်း မသွား ပဲ တောတိုး ဖို့ တပ်ရင်းမှူး ကြီး က အမိန့် ထုတ် တယ်။ ဒီလို မမျှော်လင့် တဲ့ လမ်း က သွားတော့ ရန်သူ့ စခန်း ခြံစည်းရိုး ရောက် သည် ထိ ရန်သူ က မသိဘူး။ အားလုံး နေရာ ယူ ပြီးတော့ ကိုယ့် ဆရာ က ကိုယ့် အီကွေးမင့် ကို ချွတ်ပြီး စခန်း ခြံဝင်း ထဲ ၀င်ခိုင်း တယ်။ ဟင် ... ဒီ တစ်ခါ အနံ့ တွေက များ လှ ချည်လား။ သေချာ အာရုံ စူးစိုက် ကြည့် လိုက်တော့ မနည်း မနော ပဲ။ တပ်ရင်း ကထိန် မှာ ပဒေသာ ပင် သီး သလို ပါလား။ ဒါဆို တစ်လုံး ပြ လို့ ဆရာ တစ်လုံး ဖြုတ် တာနဲ့ ကျန်တဲ့ မိုင်း အားလုံး ထကွဲ မှာ ပေါ့။ ဘယ် လို ပြောပြ ရ ပါ့မလဲ။ ဆရာ့ ကို မော့ကြည့် တဲ့ မျက်လုံး ထဲမှာ မျက်ရည် တွေ ကို တွေ့သွား တဲ့ ဆရာ က " မင်း ဘာဖြစ် နေတာလဲ ... ဒါ အမိန့် ... ငါတို့ အားလုံး တိုင်းပြည် တာဝန် ထမ်း နေကြ တာ ... မင်း ... အမိန့် မနာခံ တာလား .... "

မဟုတ် ဘူး .... မဟုတ် ဘူး .... ဆရာ ရယ်။ ဒီမိုင်း တွေ အများ ကြီး အန္တရာယ် ကို ဆရာ တို့ နားလည် အောင် ဘယ်လို ပြော ရမလဲ လို့ စဉ်းစား နေတာ ပါ။ တစ် ခုပဲ ရှိတော့ တာပေါ့ လေ။

ရှေ့ကို တဟုန်တိုး ပြေးတက်။ ခြံစည်း ရိုးစပ် ကနေ အမြင့် ဆုံး ခုန်ပျံ။ အကြီး ဆုံး မိုင်း ပေါ်ကို ကိုယ့် ခန္ဓာ ကိုယ် ကို ပစ်ချ။ အပြင်းထန် ဆုံး ပေါက်ကွဲ သံကြီး ဟာ ကိုယ့် အတွက်တော့ အသံ မဲ့။ နောက်ဆုံး ဟစ်ကြွေး သွား တာက " ငါသည် စစ်ခွေး" ..... ။

မှတ်ချက် ။  ။ စခန်း သိမ်း အောင်ပွဲ အပြီး စစ်သည်တော် အချို့ ကျဆုံး ဒဏ်ရာ ရမှု များ ရှိခဲ့သည်။ ကျဆုံး စစ်သည် တို့ ၏ ရုပ်ကလာပ် ကို မြေမြုပ် သဂြိုလ် နိုင်သော် လည်း သစ်ပင် တို့ တွင် ကပ် နေကြ သည့် စစ် ခွေးလေး ၏ အမွှေး အမှင် များ အသား ဖတ်များ ကိုသာ တပ်ရင်း မှ ရဲဘော် စစ်သည် တို့ အလေး ပြု ခဲ့ ကြ ရလေ သည်။ ဖြစ်ရပ်မှန် ဖြစ်ပါ ၏။
Myanmar Military Literature

No comments:

Post a Comment