နိဒါန်း
၁။ အမှတ် (၄) ခြေလျင် တပ်ရင်း ၏ အကျဉ်းချုပ် ရာဇ၀င် ကို အပိုင်း နှစ်ပိုင်း ခွဲဝေ ပြီး ဖေါ်ပြ ခြင်း ဖြစ် ပါ သည်။ ပဋ္ဌမ အပိုင်း မှာ အင်္ဂလိပ် ခေတ် တွင် ဖြစ်၍ ဒုတိယ အပိုင်း မှာ လွတ်လပ်ရေး ရရှိပြီး ပြည်ထောင် စု မြန်မာ နိုင်ငံတော် အစိုးရ လက်ထက် သို့ ရောက်ရှိ သည့် အချိန်မှ စ၍ ဖြစ် ပါသည်။
အင်္ဂလိပ် ခေတ်
၂။ ၁၉၄၂ ခုနှစ် ဖေဖေါ်ဝါရီ လ လောက် တွင် မြန်မာ ပြည် ကို ဂျပန် တပ်များ တိုက်ခိုက် ၀င်စီး ရာ မြန် မာ ပြည်တွင် တပ်စွဲ နေသော ဗမာ့ တပ်မတော် (အဟောင်း) သည် ဆုတ်စစ် တိုက်ခိုက် လျှက် အိန္ဒိယ ပြည် သို့ ဆုတ်ခွာ သွားခဲ့ ပါသည်။ အိန္ဒိယ ပြည် သို့ ရောက်ရှိ သော အခါ ဟိုရှာ ပူ မြို့ တွင် ပြန် လည် ဖွဲ့စည်း ရန် စုထား ခဲ့ပါ သည်။ ဤ ကဲ့သို့ ပြန်လည် ဖွဲ့စည်းရာ နယ်ခြား စောင့် တပ် (ပျော်ဘွယ်) မှ လူများ အား စုယူပြီး အမှတ် (၄) ခြေလျင် တပ်ရင်း အဖြစ် ဖွဲ့ စည်း လိုက် ပါသည်။
ဟိုရှာပူ လေ့ကျင့်ရေး များ
၃။ Frontier Force Pyawbwe ကို အမှတ် (၄) ခြေလျင် တပ်ရင်း အဖြစ် ပြန်လည် ဖွဲ့စည်း ပြီးစီးသော အခါ တပ်ရင်း တိုက်ခိုက် ရေး လေ့ကျင့် ရေး များ ပြည့်စုံ စွာ ပြုလုပ် ခဲ့ ပါသည်။ ထို့နောက် အခြား တပ်များ နှင့် ပူးပေါင်း ပြီး တပ်မဟာ တိုက်ခိုက် ရေး လေ့ကျင့် ရေး များကို လည်း ပြုလုပ် ခဲ့ ပါသည်။
၎။ ၁၉၄၃ ခုနှစ် မတ်လ တွင် တပ်ခွဲ တခွဲ ကို အထူး တပ်ခွဲ အဖြစ် ဖွဲ့စည်း ပြီး ရခိုင် စစ်မျက်နှာ သို့ တာဝန် ထမ်းဆောင် ရန် ပို့ပေး ရသည်။ ၄င်း တပ်ခွဲ သည် အမှတ် (၄) တပ်မ ကြီး လက်အောက် တွင် နေခဲ့ ပြီး တာဝန် ထမ်းဆောင် ရာ နာမည် ကောင်း များ ကိုလည်း ရရှိ ခဲ့ပါသည်။ သူရ သတ္တိ ဘွဲ့များ ရရှိ သည် မှာ Military Cross (MC) (၁) ခု နှင့် Burma Gallantary Medal (BGM) (၂) ခု ဖြစ် ပါသည်။ ၁၉၄၃ ခုနှစ် ဇွန် လ တွင် ပန်ချာပီ လူမျိုး တို့အား အမှတ် (၄) ခြေလျင် တပ်ရင်း မှ အခြား တပ်သို့ ပြောင်းရွှေ့ ပေးရာ ဤ တပ်ရင်း တွင် ဂေါ်ရခါး လူမျိုး များ သာ ကျန် ပါတော့ သည်။
ကချင် ပြည်နယ် တွင် တိုက်ခိုက်မှု
၅။ ၁၉၄၃ ခုနှစ် နိုဝင်ဘာ လ (၁၅) ရက်နေ့ တွင် အမှတ် (၄) ခြေလျင် တပ်ရင်း သည် ဟိုရှာပူ မြို့မှ ကချင် ပြည်နယ် သို့ ထွက်ခွာ သွား၍ ဒီဇင်ဘာ လ တွင် ပူတာအို မြို့ သို့ ရောက်ရှိ ခဲ့ ပါသည်။ ဒီဇင်ဘာ လ အလယ် လောက်တွင် ဆွန်ပရာ ဘွမ် ဒေသ တွင် ဂျပန် တပ်များ နှင့် တိုက်ခိုက် ခဲ့ပြီး ဂျပန် တပ်များ ကို မောင်းထုတ် နိုင်ခဲ့ ပါသည်။ အထိ အခိုက် များပြား သော်လည်း စိတ်ဓါတ် မှာ အလွန် ကောင်း ပါသည်။ မိမိ ဘက်မှ ကျဆုံး သူများ မှာ အရာရှိ (၂) ဦး၊ ဂျီစီအို (၂) ဦး နှင့် အခြား ရဲဘော် များ ဖြစ် ပါသည်။ ဂျပန် တပ်များ အထိ အခိုက် ဒဏ်ရာ ရသူ အဆ မတန် များပြား ခဲ့သည်။ ဤ တိုက်ပွဲ တွင် ရရှိ ခဲ့သော သူရ သတ္တိ ဘွဲ့ များ မှာ Military Cross Bar (MC Bar) (၁) ခု၊ MC (၅) ခု၊ BGM (၁၆) ခု၊ စစ်မှုထမ်း မှတ်တမ်း ၀င် (၈) ခု၊ သူရဲကောင်း လက်မှတ် (၁၂) ခု နှင့် ချီးကြူး ခံရခြင်း လက်မှတ် (၁၀) ခု ဖြစ်သည်။
မြစ်ကြီးနား မြို့ကို သိမ်းပြီး သော အခါ ဤ တပ်ရင်း ၏ အင်အား သည် ဖျားနာ ခြင်း နှင့် အထိ အခိုက် ဒဏ်ရာ များ ကြောင့် အလွန် ပင် လျော့နည်း သွား ပါသည်။ ဤ ကဲ့သို့ ဖြစ်ရာ အမှတ် (၄) ခြေလျင် တပ်ရင်း ကို အနား ပေးရန် နှင့် ပြန်လည် ဖွဲ့စည်း ပေးရန် ဟိုရှာပူ မြို့သို့ ၁၉၄၄ ခုနှစ် စက်တင်ဘာ လ တွင် ပြန်လည် ပို့ပေး ရ ပါသည်။
ရခိုင် ပြည်နယ် တွင် - ၁၉၄၅ ခုနှစ်
၆။ ဟိုရှာပူ မြို့တွင် လေ့ကျင့်ရေး များ ပြန်လည် ပြုလုပ်ပြီး ၁၉၄၅ ခုနှစ် မတ်လ တွင် ရခိုင် ပြည်နယ် သို့ ဂျပန် ကို တိုက်ခိုက် ရန် သွားရောက် ရ ပါသည်။ သို့သော် ရခိုင် ပြည်နယ် သို့ ရောက်ရှိ သော အခါ ဂျပန် တို့သည် ဆုတ် သွားပြီ ဖြစ်၍ ရခိုင် ပြည်နယ် တွင်း လုံခြုံရေး တာဝန် များ ကိုသာ ထမ်းဆောင် ရပါ သည်။ ၁၉၄၇ ခုနှစ် မတ်လ တွင် ဤ တပ်ရင်း သည် ရန်ကုန် သို့ ပြောင်းရွှေ့ သွား သော်လည်း နောက် နှစ်လ တွင် ဤ တပ်ရင်း ရခိုင် သို့ ပြန်လည် ရောက်ရှိ ပါကြောင်း။ ထို အချိန် တွင် ဒု - ဗိုလ်မှူးကြီးကေ၊ အက်စ်၊ သာပါး သည် တပ်ရင်းမှူး အဖြစ် တာဝန် ထမ်းဆောင် နေ၍ ၄င်း အား ဗိုလ်မှူး ရန်စ်ဖုတ် က လဲလှယ် ပြီး လွတ်လပ် ရေး ရသော အချိန် တွင် ဒု - ဗိုလ်မှူးကြီး ကယ်လာ ဗင်အို သည် တပ်ရင်းမှူး အဖြစ် တာဝန် များ ထမ်းဆောင် နေ ပါသည်။
လွတ်လပ်ရေး ရပြီး နောက်
၇။ လွတ်လပ်ရေး ရပြီးသော အချိန် ၌ ဤ တပ်ရင်း တွင် ဗြိတိသျှ အရာရှိ များ အားလုံး မရှိ တော့ပေ။ ဗမာ့ ကြည်း တပ်မတော် မှ အရာရှိ များ လာရောက် ပြီး တာဝန် များ ကို ထမ်းဆောင် နေကြ ပါသည်။ ၁၉၄၈ ခုနှစ် ဇန်န၀ါရီ လ တွင် ဤ တပ်ရင်း ကို မြို့စောင့် တပ်ရင်း (Garrison Battlion) အဖြစ် ပြောင်း လိုက် သည်။ တပ်ရင်း တွင် ရှိ နီပေါ ဂေါ်ရခါး နှင့် အိန္ဒိယ ဂေါ်ရခါး တပ်သား များ ကို တပ်မှ နုတ်ထွက် ခွင့်ပြု လိုက် ပြီး တပ်ရင်း တွင် မြန်မာပြည် ဂေါ်ရခါး တပ်သား များ သာ ကျန်ရစ် ခဲ့လေ သည်။ ဤ ကဲ့သို့ ဖြစ် တပ်ရင်း ၏ အင်အား မှာ အလွန်ပင် နည်းသွား ပါသည်။ အင်အား ဖြည့်တင်း ရန် ကရင် စစ်သား များ ပါဝင် သော တပ်ခွဲ တခွဲ တပ်ရင်း သို့ ရောက်ရှိ လာ ပါသည်။
ခြေလျင် တပ်ရင်း (Standard Infantary Batallion) အဖြစ် ပြန်လည် ဖွဲ့စည်း ခြင်း
၈။ ၁၉၄၈ ခုနှစ် သြဂုတ် လ တွင် ဟင်္သာတ သို့ တပ်ခွဲ တခွဲ ကို ပြည်တွင်း လုံခြုံရေး တာဝန် များ ထမ်းဆောင် ရန် ပို့ခဲ့ရာ ရဲဘော် ဖြူ များ ရှုတ်ထွေး နေ၍ ဤ တပ်ခွဲ သည် အတော် အတန် ကြာအောင် တပ်ရင်း ဌာနချုပ် သို့ ပြန်လည် မရောက် နိုင်ပေ။ ၁၉၄၉ ခုနှစ် ဖေဖေါ်ဝါရီ လ တွင် ကရင် သူပုန် များ ထလာ သဖြင့် ရန်ကုန် မြို့ကို ကာကွယ် ရန် တပ်ရင်း တွင် ရှိသမျှ အင်အား ဖြင့် အင်းစိန် သို့ သွား၍ ကရင် သူပုန်များ အား တိုက်ခိုက် ခဲ့သည်။ တပ်ရင်း တွင် ရှိ ကရင် တပ်ခွဲ ကိုလည်း (A.F.R.C.) သို့ပို့ပေး ရ၍ တပ်ရင်း အင်အား မှာ မရှိ သလောက် ပင် ဖြစ်သွား ပါသည်။ သို့သော် ရှိသမျှ အင်အား ဖြင့် အင်းစိန် တွင် အခြား တပ်ရင်း များ ကဲ့သို့ တိုက်ခိုက် ခဲ့ရာ ဤ တပ်ရင်း ကို မြို့စောင့် တပ်ရင်း (Garrison Battlion) မှ စံချိန်မှီ ခြေလျင် တပ်ရင်း (Standard Infantary Batallion) အဖြစ် ပြန်လည် ဖွဲ့စည်း ရန် စစ်ရုံး ချုပ်မှ အမိန့် ကျလာ ပါသည်။ သို့သော် တပ်ရင်း ၏ နာမည် မှာ မည်သို့မျှ ပြောင်းလဲ ခြင်း မရှိပါ။ ထို အချိန် တွင် ဗိုလ်မှူး တန်ယုဆိုင် သည် တပ်ရင်း မှူး အဖြစ် နှင့် လည်းကောင်း၊ ဗိုလ်ကြီး ဂိုကာရန်း သည် ဒု - တပ်ရင်းမှူး အဖြစ် တာဝန် ထမ်းဆောင် ခဲ့ ရသည်။
အင်းစိန် တိုက်ပွဲ
၉။ အင်းစိန် တိုက်ပွဲ အစ တွင် ဤ တပ်ရင်း ၏ အင်အား အလွန် နည်းသွား ခဲ့သောကြောင့် တပ်စု တစု သာ ပေးပြီး တိုက်ခဲ့ ကြ ရသည်။ ဂေါ်ရခါး လူသစ် များကို မြန်နိုင် သမျှ အမြန် စုဆောင်း ပြီး လေ့ကျင့်ရေး ကို (၂) ပါတ်သာ ပေးပြီး အင်းစိန် တိုက်ပွဲ သို့ ပို့ပေး ရသည်။ မကြာခင် အင်းစိန် တိုက်ပွဲ တွင် ပါဝင် သူများ မှာ တပ်ခွဲ (၂) ခွဲ ဖြစ်လာ ပါသည်။ အထိ အခိုက် များပြား သော် လည်း စိတ်ဓါတ် မှာ မည် ကဲ့သို့မျှ အထိ အခိုက် မရှိ ပါ။ အမှတ် (၃) ချင်း သေနတ် ကိုင် တပ်ရင်း မှ အရာရှိ များနှင့် အခြား အဆင့် အတန်း ဦးရေ ၁၅၀ ခန့်လောက် သည် ၁၉၄၉ ခုနှစ် ဧပြီ လ တွင် ပြောင်းရွှေ့ ရောက်လာ သော ကြောင့် တပ်ခွဲ တခွဲ တိုးလာ ပါ သည်။ ဤ တပ်ခွဲ သည် တပ်ရင်း သို့ မရောက် မှီ မန္တလေး - မေမြို့ မှ ဆင်း လာသော ကရင် သူပုန် များနှင့် သာစည် မြို့တွင် အကြီး အကျယ် တိုက်ခိုက် ပြီး ရန်ကုန် ကို ချီတက် မည် ဟူသော ကေအင် ဒီအို သူပုန် များ ၏ အစီအစဉ် ကို ဖျက်ဆီး ခဲ့ ပါသည်။
ဒိုက်ဦး တိုက်ပွဲ
၁၀။ ချင်းတပ် မှ ရောက်ရှိ လာသော ဂေါ်ရခါး တပ်ခွဲ သည် (၂) ရက်သာ အနား ယူပြီး ကရင် သူပုန် များကို တိုက်ခိုက် ရန် ဒိုက်ဦး မြို့ သို့ ထွက်ခွာ သွား ပါသည်။ သာစည် မြို့ တွင် အင်မတန် မောပန်း ခဲ့ သော်လည်း ဒိုက်ဦး မြို့ သို့ ဆက်လက် တိုက်ခိုက် ရန် ထွက်ခွာ သွား ရပါသည်။ ဒိုက်ဦး ကို သိမ်းလျှင် သိမ်းခြင်း အင်းစိန် ခရိုင် တွင် ပြည်တွင်း လုံခြုံရေး တာဝန် များ ကို ထမ်းဆောင် နေခဲ့သော တပ်ခွဲ သည် တပ်ရင်း သို့ ပြန်လည် ရောက်ရှိ လာ ပါသည်။
တပ်ရင်း အင်အား
၁၁။ ထို အချိန် ထိ တပ်ရင်း တွင် တပ်ခွဲ (၃) ခွဲသာ ရှိသေး သည်။ အမှတ် (၃) ချင်း သေနတ် ကိုင် တပ်ရင်း မှ ဂေါ်ရခါး တပ်ခွဲ ကို ပြောင်းရွှေ့ ပေး သဖြင့် တပ်ရင်း ၏ အင်အား သည် ပြည့်စုံ ခဲ့ ပါသည်၊ သို့သော် ၄င်း တပ်ခွဲ သည် မြောက် ပိုင်းတိုင်း စစ် ဌာနချုပ် လက်အောက် တွင် ရှိနေ သဖြင့် တပ်ရင်း ၏ တိုက်ခိုက်ရေး အင်အား မှာ မည်သို့ မျှပင် ထူးခြား မှု မရှိ ပါ။ ၁၉၄၉ ခုနှစ် ဒီဇင်ဘာ လ တွင် စည်သူ ဒု - ဗိုလ်မှူးကြီး ကဲပင်းနက် နှင့် ဗိုလ်မှူး ဆူဘား (MC) တို့သည် တပ်ရင်း မှူး နှင့် ဒု - တပ်ရင်းမှူး များ အဖြစ် ပြောင်းရွှေ့ ရောက်ရှိ လာကြ ပါသည်။ ဗိုလ်မှူး တန်ယုဆိုင် နှင့် ဗိုလ်ကြီး ဂိုကာရန်း တို့သည် အခြား တပ် သို့ ပြောင်းရွှေ့ သွား ကြ ပါသည်။
မကွေး မင်းဘူး တို့ကို ပြန်လည် သိမ်းဆည်း မှု
၁၂။ တပ်ခွဲ တခွဲ သည် ရန်ကုန် မှ လွယ်ကော် သို့ ၁၉၅၀ ခုနှစ် ဖေဖေါ်ဝါရီ လ တွင် လေကြောင်း ဖြင့် ထွက်ခွာ သွား ပါသည်။ ၄င်း တပ်ခွဲ သည် မိတ္ထီလာ သို့ ဆက်လက် ထွက်ခွာ ရန် ကချင် သေနတ် ကိုင် တပ်ရင်း မှ တပ်ခွဲ တခွဲ နှင့် ပူးပေါင်း ပြီး မကွေး နှင့် မင်းဘူး မြို့ တို့ကို သူပုန် လက်တွင်း မှ ပြန်လည် သိမ်းဆည်း ခဲ့ကြ ပါသည်။
တရုပ်ဖြူ တိုက်ပွဲ
၁၃။ ၁၉၅၀ ခုနှစ် မေ လတွင် တပ်ရင်း တခုလုံး သည် ရန်ကုန် မှ ကလော မြို့ သို့ ပြောင်းရွှေ့ ခဲ့ ပါသည်။ ကလော မှ ကျိုင်းတုံ မြို့ သို့ တပ်ခွဲ (၄) ခွဲ စလုံး ဆက်လက် ထွက်ခွာ သွားပြီး ကျိုင်းတုံ ဒေသ တွင် ကျူးကျော် ၀င်ရောက် နေသော တရုပ်ဖြူ တပ် ၏ အင်အား မှာ (၅၀၀၀) ခန့် ရှိလိမ့် မည်။ ဇွန်လ နောက်ဆုံး အပတ် တွင် စတင် ပြီး တရုပ်ဖြူ တပ် အား တိုက်ခိုက် ချေမှုန်း ရန် တဖြေးဖြေး ချီတက် ရ ပါသည်။ တရုပ်ဖြူ တို့သည် ခံစစ် တိုက်ခိုက် လျှက် တာချီလိတ် ဘက်သို့ ဆုတ်ခွာ သွားကြ သည်။ တရုပ်ဖြူ တပ် သည် အကြီး အကျယ် ဒဏ်ပြန် တိုက်ခိုက် ခဲ့သော်လည်း အောင်မြင် မှု မရှိ ပါ။ အမှတ် (၄) ခြေလျင် တပ်ရင်း သည် တရုပ်ဖြူ များ အား တိုက်ခိုက် ပြီး ချီတက် လျက် ရှိ ပါသည်။ ဇူလိုင် လ အလယ် လောက် တွင် အမှတ် (၁) ကချင် သေနတ် ကိုင် တပ်ရင်း နှင့် အမှတ် (၃) ကချင် သေနတ် ကိုင် တပ်ရင်းများ ရောက်ရှိ လာ၍ ၄င်း တပ်များ နှင့် ပူးပေါင်း ပြီး တရုပ်ဖြူ တပ် များအား ဆက်လက် တိုက်ခိုက် ခဲ့သည်။ ဇူလိုင် လ နောက်ဆုံး အပတ် တွင် တရုပ်ဖြူ များ အား နိုင်နင်း စွာ တိုက်ခိုက် ခဲ့ ပါသည်။ တာချီလိတ် ကို သိမ်းပြီး သော အခါ တရုပ်ဖြူ များ သည် ဖရို ဖရဲ ဖြစ်ပြီး ဆုတ်ခွာ ထွက်ပြေး သွားကြ ပါသည်။ တပ်ရင်း မှူး သည် တရုပ်ဖြူ များ လက် ထဲမှ မည် ကဲ့သို့ ထွက်ပြေး လွတ်မြောက် သွားသည့် အကြောင်း၊ (ဃ) တပ်ခွဲ သည် တရုပ်ဖြူ များ က ၀ိုင်းဝန်း ခြင်း ခံရပြီး မည် ကဲ့သို့ ထိုးဖေါက် ထွက် လာသည့် အကြောင်း နှင့် ၄င်း တပ်ခွဲ သည် ဟုတ်လွတ် တွင် တည လုံး တရုပ်ဖြူ များ နှင့် လှံစွတ် ထိုး ခဲ့ကြောင်း၊ (က) တပ်ခွဲ သည် ၀န်ကောင်း တွင် တရုပ်ဖြူ များ ၏ နောက်ဆုံး ခံစစ် ကို မည် ကဲ့သို့ ရုတ်တရက် ၀င်တိုက် ပြီး သိမ်းပိုက် ခဲ့ကြောင်း နှင့် (ခ) တပ်ခွဲ နှင့် (ဂ) တပ်ခွဲ များ ကလည်း အခြား နေရာ များ တွင် မည် ကဲ့သို့ အကြီး အကျယ် တိုက်ခိုက် ခဲ့ကြောင်း များ ကို တပ်ရင်း ၏ ရာဇ၀င် တွင် ထည့်သွင်း ရေးသားရန် လိုပေ ကြောင်း၊ ဤ ကဲ့သို့ နိုင်ငံခြား စစ်တပ် အား နိုင်နင်း စွာ တိုက်ခိုက် ပြီး ကိုယ့် တိုင်းပြည် ကို ကာကွယ် ရသည် မှာ အထူး ဂုဏ်သရေ ရှိကြောင်း တိုင်းသူ ပြည် သား တိုင်း က ဝေဖန် နိုင်ကြောင်း ရှိပေ ၏။ စစ် သေနာပတိ ချုပ် က ချီးကြူး ခြင်း ကြေးနန်း ကို လည်း ပေး ပို့ခြင်း ခံခဲ့ ရ ပါကြောင်း၊ ၁၉၅၀ ခုနှစ် နိုဝင်ဘာ လ (၂၂) ရက်နေ့ ထုတ် နေးရှင်း အင်္ဂ လိပ် သတင်း စာ တွင် ရေးသား ဖေါ်ပြ ခဲ့ ပါသည်။
သူရ သတ္တိ ဘွဲ့များ မှာ အောက်ပါ အတိုင်း ဖြစ်ပါ သည်။
အောင်ဆန်းသူရိယ (ကျဆုံး) - ၁
သီဟသူရ - ၃
သူရဘား - ၁
သူရ - ၆
သူရဲကောင်း မှတ်တမ်းဝင် - ၂၉
အထိ အခိုက် မှာ အောက်ပါ အတိုင်း ဖြစ် ပါသည်။
ကျဆုံး (အခြား အဆင့်) - ၃
ပျောက်ဆုံး ခြင်း (အခြား အဆင့်) - ၂
ဒဏ်ရာ ရရှိသူ - အရာရှိ (၁) ယောက် နှင့် အခြား အဆင့် (၁၈) ယောက်
တောင်ပိုင်း ရှမ်းပြည်
၁၄။ ၁၉၅၁ ခုနှစ် နှင့် ၁၉၅၂ ခုနှစ် တွင် ဤ တပ်သည် တောင်ပိုင်း ရှမ်းပြည် နှင့် လွယ်ကော် ဒေသ တွင် ဒေသန္တရ စစ်ဆင် ရေး များ ပြုလုပ် သည့် အပြင် ပြည်တွင်း လုံခြုံရေး တာဝန် များ ထမ်းဆောင် ခဲ့ကြ ပါသည်။ ထို့ အပြင် လွယ်လင် ဒေသ တွင်လည်း ဒေသန္တရ စစ်ဆင် ရေး များ ပြုလုပ် ခဲ့သည်။
မိုင်းရှူး ဒေသ တွင် တရုပ်ဖြူ များနှင့် တိုက်ပွဲ
၁၅။ ၁၉၅၂ ခုနှစ် ဒီဇင်ဘာ လ တွင် မိုင်းရှုး နှင့် ပန်ဆော့  ဒေသ များ တွင် တရုပ်ဖြူ များ တို့သည် လာရောက် ပြီး အနှောင့် အယှက် များ ပေးနေ ၍ ၄င်း တို့ အား တိုက်ထုတ် ရန် အမှတ် (၄) ခြေလျင် တပ်ရင်း ပေါ် တာဝန် ကျရောက် လာ ပါသည်။ (ခ) တပ်ခွဲ သည် နမ်းကပ် သို့ ၁၉၅၂ ခုနှစ် ဒီဇင်ဘာ လ ၂၈ ရက်နေ့ တွင် ရောက်ရှိ ပြီး တရုပ် ဖြူ များ နှင့် တိုက်ပွဲ ဖြစ်ရာ တရုပ်ဖြူ ၏ အင်အား မှာ (၆၀၀) မှ (၇၀၀) ခန့် ရှိသဖြင့် (ခ) တပ်ခွဲ သည် နောက် သို့ ဆုတ်ခွာ ပြီး မိုင်းနောင် တွင် ခံစစ် များ ပြုလုပ် တရုပ် ဖြူ များ အား (က) တပ်ခွဲ ရောက်ရှိ ၍ (ခ) တပ်ခွဲ နှင့် ပူးပေါင်း ပြီး အရှေ့ ကို ပြန်လည် ချီတက် ရ ပါသည်။ မိုင်တိုင် (၇၇) တွင် ခြေကုပ် စခန်း ချပြီး ထို အချိန် တွင် ရောက်ရှိ လာသော (ဂ) တပ်ခွဲ နှင့် (က) တပ်ခွဲ များ နမ်းကပ် ချောင်း ကို ၃-၁-၅၃ ရက်နေ့ တွင် တရုပ်ဖြူ များ အား တိုက်ထုတ် ပြီး ကူးသွား ပါသည်။ နမ်းကပ် ချောင်း ၏ အရှေ့ ဘက်ကမ်း တွင် တရုပ် ဖြူ များ နှင့် အကြီး အကျယ် တိုက်ပွဲ များ ဖြစ် သော် လည်း (က) နှင့် (ခ) တပ်ခွဲ များက အရှုံး မပေး ဘဲ ပြန်လည် တိုက်ခိုက် နေခဲ့ ရပါသည်။ ၄-၁-၅၃ နေ့ ည တွင် တရုပ်ဖြူ အချို့ သည် နမ်းကပ် ချောင်း အနောက် ဘက်ကမ်း သို့ ကူးလာ ပြီး ကျွန်တော် တို့၏ ခြေကုတ် စခန်း မိုင်တိုင် (၇၇) အား ပြင်းထန် စွာ တိုက်ခိုက် ခဲ့ ပါသည်။ သို့သော် တရုပ်ဖြူ များ သည် အထိ အခိုက် များပြား ခဲ့ပြီး နောက်သို့ ဆုတ်ခွာ သွား ပါသည်။ ထို အချိန် ၌ ကျွန်တော် တို့၏ တပ်ခွဲ (၂) ခွဲ သည် နမ်းကပ် အရှေ့ ဘက်ကမ်း တွင် ရှိနေ ၍ တပ်ခွဲ (၁) ခွဲမှာ ခြေကုတ် စခန်း တွင် ရှိနေ ပါသည်။ ခန့်မှန်း ချေ တရုပ် ဖြူ (၃၀၀) မှ (၄၀၀) အထိ သည် ကျွန်တော် တို့၏ တပ်ခွဲ များ အကြား သို့ ၀င်လာ သဖြင့် နမ်းကပ် အရှေ့ ဘက်ကမ်း တွင် ဆက်လက် တပ်စွဲ ရန် မဖြစ် တော့ပါ။ ထို့ကြောင့် ၄င်း တပ်ခွဲ များ အား နောက်သို့ ဆုတ်ခွာ စေ၍ ၀မ်ဆော ရွာ တွင် ခံစစ် များ ပြုလုပ် ပြီး တရုပ်ဖြူ များ အား စံနစ် တကျ တိုက်ခိုက် ရန် အစီ အစဉ် များ ပြုလုပ် ခဲ့ပါသည်။ (ဃ) တပ်ခွဲလည်း ၀မ်ဆောရွာသို့ ရောက်ရှိလာ၍ တပ်ခွဲ (၃) ခွဲအားဖြည့်တင်းပေးရပါ သည်။ ၀မ်ဆောတွင် ခံစစ် များ ပြုလုပ် ပြီး တရုပ်ဖြူ များ ကို တိုက်ခိုက် ရန် စီစဉ်မှု များ ပြုလုပ် နေခိုက် တရုပ်ဖြူ တို့သည် နှစ်ကြိမ် တိုင်တိုင် လာရောက် ပြီး အကြီး အကျယ် တိုက်ခိုက် ခဲ့ ရသည်။ သို့သော် တရုပ်ဖြူ တို့သည် ဒဏ်ရာ ပြင်းထန်စွာ နှင့် အကျ အဆုံး အများ အပြား ခံခဲ့ ရပြီး ဆုတ်ခွာ သွား ပါသည်။ ဖေဖေါ်ဝါရီ လ တွင် မိုင်းရှုး သို့ချီတက် ရာ အခု အခံ မရှိဘဲ သိမ်းပိုက် လိုက်နိုင် ပါသည်။ သို့သော် တရုပ်ဖြူ တို့သည် အင်အား စုဆောင်း ပြီး ဧပြီ လ တွင် မိုင်းရှုး ကို အကြိမ် များစွာ လာရောက် ပြီး တိုက်ခိုက် ခဲ့သော်လည်း မိုင်းရှူး တွင် ခံစစ် ကို ခိုင်လုံ စွာ တည်ဆောက် ထားပါ သဖြင့် တရုပ်ဖြူ လက်တွင်း သို့ ပြန်မ ကျ ခဲ့ပါ။ တရုပ် ဖြူ တို့ သည် ၀င်ရောက် တိုက်ခိုက် တိုင်း အကျ အဆုံး များပြီး ဒဏ်ရာ များ ပြင်းထန် စွာ နှင့် ဆုတ်ခွာ ရ ပါသည်။
၁၆။ ၁၉၅၃ ခုနှစ် မတ်လ တွင် ဤ တပ်ရင်း သည် ကလော မြို့မှ ကျောက်မဲ မြို့သို့ ပြောင်းရွှေ့ သွား ရပါသည်။ ကျောက်မဲ မြို့ တွင် ယာယီ အဆောက် အဦး များ ဆောက်လုပ် ပြီးစီး နေခဲ့ ပါသည်။ ဗိုလ်ကြီး သူရ ထွန်းတင် သည် ဒု - တပ်ရင်း မှူး အဖြစ် ၂၀-၄-၅၃ နေ့တွင် ပြောင်းရွှေ့ ရောက်ရှိ လာ ပါသည်။ ဗိုလ်မှူး ဆူဘား (MC) သည် အမှတ် (၃) ကချင် သေနတ် ကိုင် တပ်ရင်း သို့ ပြောင်းရွှေ့ သွား ပါသည်။ ၁၉၅၃ ခုနှစ် တွင် ဒေသန္တရ စစ်ဆင် ရေးများ ပြုလုပ် ခဲ့သည် မှာ စက်တင်ဘာ လ တွင် (သမိန် စစ်ဆင်ရေး) တရုပ်ဖြူ များအား တိုက်ခိုက် ခြင်း နှင့် အောက်တိုဘာ လ တွင် (ဒါဆရာ စစ်ဆင်ရေး) တရုပ်ဖြူ များ အား တိုက်ခိုက် ခြင်း တို့ ဖြစ်သည်။
၁၇။ ၁၉၅၄ ခုနှစ် ဧပြီလ (၁၃) ရက်နေ့ တွင် တပ်ရင်း မှူး ဒု - ဗိုလ်မှူးကြီး ကင်ပက်နက် သည် အမှတ် (၅) ကချင် သေနတ် ကိုင် တပ်ရင်း သို့ ပြောင်းရွှေ့ သွား သဖြင့် ဗိုလ်မှူး သူရ ထွန်းတင် အား တပ်ရင်းမှူး အဖြစ် ခန့်အပ် ခဲ့ ပါသည်။ ပြုလုပ် ခဲ့သော ဒေသန္တရ စစ်ဆင် ရေး များ မှာ
(၁) မိုင်းလုံ စစ်ဆင်ရေး ၁၉၅၄ ခုနှစ် မတ်လ
(၂) ဂလဲ့စား စစ်ဆင်ရေး ၁၉၅၄ ခုနှစ် ဇွန်လ
(၃) သူရ စစ်ဆင်ရေး ၁၉၅၄ ခုနှစ် အောက်တိုဘာလ
(၄) ဇွဲ စစ်ဆင်ရေး ၁၉၅၄ ခုနှစ် ဒီဇင်ဘာလ
စစ်တံခွန် လွှင့် ချီတက် ခြင်း (၀နယ်)
၁၈။ ၁၉၅၄ ခုနှစ် နိုဝင်ဘာ လ (၁၆) ရက်နေ့ မှ ၁၉၅၄ ခုနှစ် ဒီဇင်ဘာ လ အထိ ၀နယ် တွင် ပြုလုပ် ခဲ့သော စစ် တံခွန် လွှင့် ချီတက် (Flag March) ရာ၌ ဤ တပ်ရင်း မှ တပ်ခွဲ တခွဲ ပါဝင် ခဲ့ ပါသည်။ ၄င်း စစ်ဆင်ရေး ၏ ရည်ရွက် ချက်မှာ အရှေ့ မြောက် ပိုင်း အထူး ခရိုင် နယ်စပ် ဒေသ ရှိ အမျိုးသား အမျိုးသမီး တို့ အား ပြည်ထောင်စု စိတ်ဓါတ် သွတ်သွင်း ရန်၊ အထက် ပါ လူထု အတွက် တိုးတက် ဖွံဖြိုး မှု စီမံကိန်း များ အကောင် အထည် ဖေါ်နိုင်ရေး အတွက် လေ့လာ ရန် နှင့် တတ်နိုင် သမျှ အခြေ စိုက် ခဲ့ရန် ဖြစ် ပါသည်။
ရန်ကြီးအောင် စစ်ဆင် ရေး (၁၉၅၅ ခုနှစ်)
၁၉။ ၁၉၅၅ ခုနှစ် မတ် လတွင် ရှမ်း ပြည်နယ် နှင့် ယိုးဒယား ပြည် နယ်စပ် ဒေသ ဖြစ်သော မိုင်းဆတ်၊ လွိုင်လမ်း၊ မိုင်းယောင်း၊ တာချီလိတ် ဒေသ များ တွင် အခိုင် အမာ တပ်စွဲ လျက် ရှိကြ သည့် ကျူးကျော် သူ တရုပ်ဖြူ များ အား ဗမာ့ တပ်မတော် ၏ ရာဇ၀င် မော်ကွန်း တရပ် ထိုးထား ခဲ့လောက် အောင် ကြီးမား ပြင်းထန် စွာ ထိုးစစ်ဆင် တိုက်ခိုက် မောင်းနှင် သော ရန်ကြီးအောင် စစ်ဆင် ရေး တွင် ဤ တပ်ရင်း တခု လုံး ပါဝင် ဆင်နွှဲ ခဲ့ကြ ရာ ဤ တပ်ရင်း အဖို့ ၂၂-၃-၅၅ ခုနှစ် မှ စ၍ ရန်ကြီးအောင် စစ်ဆင် ရေး ကြီး ပြီးဆုံး သည် အထိ ပါဝင် ဆင်နွှဲ ခဲ့ပေ ၏။
ရန်ကြီးအောင် စစ်ဆင်ရေး တွင် လွိုင်လမ်း ဒေသ ရှိ တရုပ်ဖြူ တို့ အပြင်း အထန် ခုခံ လိမ့်မည် ဟု ထင်ရသော ဆင်ဦး ခေါင်း တောင် ကို ပင်ပန်း ခက်ခဲ စွာ ထမင်း အငတ်ခံ ၍ နောက်ပိုင်း မှ အချိန်မှီ ၀င်ရောက် စီးနင်း နိုင်ခဲ့ သဖြင့် ကာကွယ် ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေ၀င်း နှင့် စစ်ဆင် ရေးမှူး ဗိုလ်မှူးချုပ် ကျော်ဇော တို့၏ ချီးကြူးခြင်း ကို ခံခဲ့ ရပါသည်။ ထိုနောက် လွိုင်လမ်း နှင့် မိုင်းယောင်း ဒေသ အားလုံး ကို သိမ်းပိုက် အောင်မြင် ခဲ့လေ သည်။ တရုပ်ဖြူ များမှာ တာချီလိတ်၊ လွယ်တုံးကြီး ဘက် သို့ ဒလ ကြမ်း ဆုတ်ခွာ သွားကြ သည်။ သို့ ဖြစ်၍ ရန်ကြီးအောင် စစ်ဆင် ရေး ကို တာချီလိတ် စစ် မျက်နှာ သို့ လွှဲပြောင်း ဖွင့်လှစ် ခဲ့ရာ ဤ တပ်ရင်း လည်း မိုင်းယောင်း မှ တာချီလိတ် သို့ ချီတက် တိုက်ခိုက် ခဲ့ရာ နောက်ဆုံး တရုပ်ဖြူ တို့၏ နယ်စပ် အခြေခံ စခန်း အခိုင် အမာ ဆုံး ဖြစ်သော လွယ်တုံး ကြီး စခန်း ကို ၁၃-၅-၅၅ နေ့တွင် ဤတပ်ရင်းသည် တောင်ပေါ် ပစ် အမြောက် တပ်၊ လေတပ် နှင့် အခြား လက်ရုံး တပ်များ ၏ အကူ အညီ နှင့် အောင်မြင် စွာ သိမ်းပိုက် နိုင်ခဲ့ လေ သည်။
ရန်ကြီးအောင် စစ်ဆင်ရေး မှာ အများ သိကြ သည့် အတိုင်း ဖိန့်ဖိန့်တုန် အောင် ကြီးကျယ် သလောက် ပါဝင် ဆင်နွှဲ သူ တို့တွင် လည်း အမျိုးမျိုး သော ဘေး အန္တရာယ် အသွယ်သွယ် ဆင်းရဲ ဒုက္ခ တို့နှင့် ရင်ဆိုင် ရသည် ဖြစ်သော်လည်း ကြံ့ခိုင် သော စိတ်ထား မဆုတ် မနစ် သော ဇွဲ တို့နှင့် ပါဝင် ဆင်နွှဲ ရ သဖြင့် ၀မ်ဆာ လာ လမ်း ကားမှောက် ၍ လည်းကောင်း၊ လေယာဉ် မှ ချပေး သော ဆန်အိတ် ပိ၍ လည်းကောင်း၊ ရန်သူ့ (၈၁) မမ စိန်ပြောင်း ထိ၍ လည်းကောင်း ဤ တပ်ရင်း မှ (၅) ယောက် ကျဆုံး ပြီး (၁၇) ယောက် ဒဏ်ရာ ရရှိ ခဲ့လေ သည်။
ဒေသန္တရ စစ်ဆင်ရေး
၂၀။ ရန်ကြီးအောင် စစ်ဆင်ရေး အပြီး တွင် ဤ တပ်ရင်း သည် တပ်ရင်း ဌာနချုပ် ကျောက်မဲ မြို့ သို့ ၁၉၅၅ ခုနှစ် မေလ တွင် ပြန်လည် ရောက်ရှိ လာ ပါသည်။ တပ်ခွဲ များ သည် တပ်ရင်း ဌာနချုပ် တွင် (၇) ရက်သာ အနား ယူ စေပြီး နောင်ချို ၀မ်ဆော ဒေသ သို့ စစ်ဆင်ရေး တာဝန် ထမ်းဆောင် ရန် ထွက်ခွာ သွားကြ ပါ သည်။ ၁၉၅၅ ခုနှစ် တွင် ပြုလုပ် ခဲ့သော ဒေသန္တရ စစ်ဆင်ရေး များ မှာ အောက်ပါ အတိုင်း ဖြစ် ပါသည်။
(၁) ပတ္တမြား စစ်ဆင်ရေး ၁၉၅၅ ခုနှစ် ဇန်န၀ါရီလ
(၂) မုတ်သုန် စစ်ဆင်ရေး ၁၉၅၅ ခုနှစ် ဇွန်လ
(၃) မုန်တိုင်း စစ်ဆင်ရေး ၁၉၅၅ ခုနှစ် ဇူလိုင်လ
(၄) ၀ဿန္တ စစ်ဆင်ရေး ၁၉၅၅ ခုနှစ် သြဂုတ်လ
(၅) ရတနာ နယ်မြေ စစ်ဆင်ရေး ၁၉၅၅ ခုနှစ် စက်တင်ဘာလ
၂၁။ ၁၉၅၆ ခုနှစ် ဇန်န၀ါရီ လ မှ ဇွန်လ အထိ ပြုလုပ် ခဲ့သော ဒေသန္တရ စစ်ဆင်ရေး များ မှာ
(၁) ဒုတ္တ၀တီ စစ်ဆင်ရေး မေ လ
(၂) တိုက်ကင်း စီမံကိန်း ဇွန်လ တို့ ဖြစ် ပါသည်။
၂၂။ ၁၉၅၆ ခုနှစ် ဖေဖေါ်ဝါရီ လ (၁၁) ရက်နေ့ တွင် ၀နယ် သို့ ဤ တပ်ရင်း မှ တပ်ခွဲ နှစ်ခွဲ သွားရောက် ပြီး စစ်ဆင်ရေး တာဝန် များ ထမ်းဆောင် ခဲ့ ပါသည်။ ၄င်း တပ်ခွဲ များ သည် ၁၉၅၆ ခုနှစ် ဧပြီ လ ပဋ္ဌမ အပတ် တွင် တပ်ရင်း သို့ ပြန်လည် ရောက်ရှိ ပြီး ဆိုင်ရာ တပ်စခန်း များ တွင် ပြည်တွင်း လုံခြုံရေး တာဝန် ကို ဆက်လက် ထမ်းဆောင် ကြ ပါသည်။ ထို အချိန် က ၀နယ် တွင် စစ်တံခွန် လွှင့် စစ်ကြောင်း များ သည် အခြေ အနေ အရ လမ်း ခုလပ် တွင် ရပ်တံ့ တပ်စွဲ နေကြ ရ သည်။
၂၃။ ဤ တပ်ရင်း သည် ၁၉၅၅ ခုနှစ် နှင့် ၁၉၅၆ ခုနှစ် တွင် ယခင် နှစ်ထက် ပိုပြီး တိုးတက် ကြောင်း ကို တွေ့မြင် ရ ပါသည်။ စစ်ဆင် ရေး ကိစ္စ အ၀၀၊ လေ့ကျင့် ရေး ကိစ္စ၊ စစ် စည်းကမ်း ဘက်၊ အား ကစား ဘက်၊ သက်သာ ချောင်ချိ ရေး ဘက် အစ ရှိသည် များ ကို ကြည့်ရှူ လျှင် ယခင် နှစ် ထက် ပိုပြီး တိုးတက် ခဲ့ပါ သည်။ ထို့ အပြင် တပ်တွင်း မူလတန်း ကျောင်း ကိုလည်း ကာကွယ် ရေး ၀န်ကြီး ဌာန က စံနစ် တကျ ပြန်လည် တည်ဆောက် ဖွဲ့စည်း ပေး ပါ သဖြင့် ရဲဘော် တိုင်း ၀မ်းသာ ၀မ်းမြောက် နေပါ သည်။ တပ်တွင်း မူလတန်း ကျောင်း ကို သာမက တပ်တွင်း ရဲဘော် ကျောင်း ကိုလည်း ဖွင့်ပေး ခြင်း အားဖြင့် မြန်မာ စာ အရေး အဖတ် အတွက် ရဲဘော် တိုင်း ကြိုးစား လျှက် ရှိနေ ပါသည်။ ထို့ပြင် တပ်ရင်း ၏ စေတနာ ဖြင့် အိမ်ထောင် သည်များ အတွက် ကို လည်း ကျောင်းဖွင့် ပေးထား ပါ သဖြင့် အိမ်ထောင် သည် ဦးရေ (၁၀၀) ခန့်လောက် သည် ညနေ တိုင်း ကျောင်းတက် နေပါ သည်။
၂၄။ ၁၉၅၅ ခုနှစ် အတွင်း တပ်ရင်းမှူး က ချီးမြှင့် ခဲ့သော တပ်ခွဲ လိုက် တံခွန်စိုက် စစ်ရည်သွေး ပြိုင်ပွဲ ငွေဒိုင်း ကို (ခ) တပ်ခွဲ က ဆွတ်ခူး ယူသွား ပါကြောင်း။ ၁၉၅၆ ခုနှစ် အတွက် ကို လည်း တပ်ခွဲ များ သည် ၄င်း ငွေဒိုင်း ရရှိရန် အလု အယက် ကြိုးစား လျှက် ရှိနေ ကြ ပေသည်။
ဗိုလ်ကြီး သူရ လက်ချမန် ရိုင်း (အမှတ် ၄ ခြေလျင် တပ်ရင်း နှစ်လည် စာစောင် ၁၉၅၆ ခုနှစ်)
No comments:
Post a Comment