Popular Posts

Monday, December 1, 2014

ကျည်ထိပ် မှာ အမည် နှိပ်ကာ ပါရော ထင့်


- ၁ -

“ရန်သူ့ သေနတ် သံ ကြားရမှ မပူ ပါနဲ့ ကွာ၊ မကြား ရတော့ မှာ သာ စိုးရိမ် စမ်းပါ” ဟူ၍ ၄င်း၊ “ရန်သူ ပစ် လိုက်တဲ့ ကျည်ဆန် ဟာ မင်းကို မှ ရွေးပြီး ထိတယ် ဆိုတာ ဟာ မလွယ် ပါဖူး ကျည်ထိပ် မှာ မင်း ရဲ့ နာမယ် ပါမှ ဖြစ်တာ ပါ” ဟူ၍ ၄င်း ရဲဘော် များ အား တိုက်ပွဲ ၀င် တိုင်း အရာခံ ဗိုလ် ဘ၀ ဖြင့် တဖွဖွ ပြော ခဲ့သည့် ဗိုလ်ကြီး ဘွတ်ခ်ျရေး သည် ယခု အခါ တွင် ထိပ်၌ ၄င်း၏ အမည် ပါသည့် ဘရင်းဂန်း ကျည်ဆန် တို့ လက်ချက် ဖြင့် ရန်သူ့ သေနတ် သံ ကို မကြား နိုင်တော့ သည်မှာ ဆယ်နှစ် ပင် ရှိခဲ့ပြီ ဖြစ်သော်လည်း ၄င်း ၏ စကား များ ကိုကား ယနေ့ တိုင် ကြားယောင် မိနေ ပါသေး သည်။

- ၂ -

ခုနှစ် နှစ်ခန့် (၁၉၅၁ ခုနှစ်အတွင်း) ကြာမြင့်ခဲ့လေပြီ။ ဘောလယ် မြစ်၊ လှိုင် မြစ် နှင့် ကုက္ကိုဝ ချောင်း သုံးသွယ် တို့ဖြင့် ရစ်ပတ် ဆီးထား သည့် အပျိုပေါ တဲ့ လှိုင်ဘော လယ် အမည်ခံ ဘောလယ် ကျွန်း အား ကေအင် ဒီအို တို့၏ သုံးနှစ် သုံးမိုး စိုးမိုး ထားခြင်း မှ လွတ်ကင်း ရန် အတွက် ကြည်း - ရေ ပူးပေါင်း စစ်ဆင် နေချိန် ဖြစ် သည်။ ချင်းတပ် နှင့် ဂေါ်ရခါး တပ်များ ကို တောင်ပိုင်း တိုင်း စစ်ဌာနချုပ် မှ ဗိုလ်မှူး ဆင်ကလဲယား (ခ) စိန်လင်း က ဦးစီး ၍၊ ရေ တပ်မတော် မှ ကျွဲ ညီနောင် အမည်ခံ တိုက် ရေယာဉ် ၁၀၅၊ ၁၀၇ တို့နှင့် အတူ တိုက် ရေယာဉ် ၁၃၀၆ ပါဝင် ပြီး၊ လှည်းဆိပ် ရွာ မှ နံနက် စောစော စတင် ချီတက် ခဲ့သည့် နေ့က ဖြစ်ပါ သည်။

ဘောလယ် မြစ်ရိုး တလျှောက် မြစ် ကမ်းပါး တွင် ရန်သူ ကတုတ် ကျင်းများ အခိုင် အမာ တူးထား လျက် ရှိလေရာ ထို ကတုတ် ကျင်း များ အကာ အကွယ် ဖြင့် ရန်သူ က အပြင်း အထန် ခံစစ်ဆင် လျှက် ရှိရာ တွင် “တော်လတီ” “ရေပေါ် သောင်” “ဓါတ်တော် ကုန်း” “တရုပ် စု” စသည့် ရွာစဉ် လိုက် တွင် တိုက်ပွဲ များ ဖြစ် ခဲ့ပြီး နေမွန်း မတည့်မှီ တွင် “မဲပလီ ရွာ” ကို သိမ်းပိုက် မိ တော့သည်။ ကျွဲ ညီနောင် မှ ဘိုဖါ အမြောက် များ နှင့် ၁၃၀၆ မှ ပွန်ပွန် ကျည်ဆံ များ က ရန်သူ့ ကတုတ် ကျင်းများ ကို လက်သံ ပြောင်ပြောင် နှင့် ဖြိုခွင်း ခြင်း ဖြင့် ရန်သူ များ မှာ အကျ ဆုံး များစွာ နှင့် အားမတန် မာန်လျှော့ ကာ ဆုတ်ခွာ သွားခြင်း ဖြစ်ပေ သည်။

မဲပလီရွာ ကို သိမ်းပြီး သည့် နောက်တွင် ထိုနေ့ အဖို့ နောက် ထပ် ရှေ့သို့ ဆက်လက် မချီ တက်တော့ ဘဲ ရန်သူ့ တန်ပြန် တိုက်ခိုက် ခြင်း ကာကွယ် ရေး အစီ အစဉ် များ သာ ပြုလုပ် ပြီး တိုက် ရေယာဉ် ၁၃၀၆ မှာ မဲပလီ ရွာ တဖက် ကမ်း “မုသား ရွာ” တွင် နေ ခဲ့ပြီး ၁၀၅ နှင့် ၁၀၇ တို့မှာ ဘောလယ် မြစ် အထက် အောက် ကင်းလှည့် ရန် ထွက်ခွာ ခဲ့ကြ ပါသည်။

၁၀၅ မှာ ပတုက္ကမ ချောင်းဝ ထိအောင် တိုက်ကင်း လှည့်လည် ခဲ့ပြီး တနာရီ ခန့် အကြာ တွင် မဲပလီ ရွာ သို့ ပြန်လည် ရောက်ရှိ ခဲ့သည်။ မဲပလီ ရွာ ထဲ တွင် တပ်သား များမှာ ရွာထဲ လမ်းလျှောက် သူလျှောက်၊ စားသောက် ရန် အတွက် ချက်ပြုတ် သူ ချက်ပြုတ် အေးဆေး စွာပင် ရှိနေ ကြပြီး၊ ၁၃၀၆ မှာ လည်း ကမ်းနား တွင် ဦးကြိုး တစ်ချောင်း သာ ချည်ထား လျက် ရဲဘော် များ မှာ ဦးပိုင်း ကုန်းပါတ် ပေါ်တွင် တေး ဆိုသူ ဆို၊ မယ်ဒလင် တီးသူ တီးနှင့် ရှိနေ ကြ ရာ ပျော်ပွဲ စား ထွက်လာ သည်နှင့် ပင် တူနေ သေး တော့သည်။

၁၀၅ အနီး သို့ ကပ်လာ သည့် အခါ ၁၃၀၆ ဦးစီးမှူး ဗိုလ်ကြီး မင်းလွင် က “အားလုံး အေးအေး ဆေးဆေး ဘဲ” ဟု သတင်း ပို့သဖြင့် သင်္ဘော ခြင်း ယှဉ်ကပ် လိုက်ပြီး ဦးပိုင်း အမြောက် အဖွဲ့ မှ လူများ အား ဦးကြိုး ကို ချည် စေကာ၊ စောင့်ကြည့် တပ်သား တာဝန် ချပြီး ကျန် လူများ အား အနား ယူ စေရန် အမိန့် ပေး လိုက်ပါ သည်။

သင်္ဘော စက်သတ် ပြီး မာလိန် စင်ပေါ် တွင် ဗိုလ်မှူး ဆင်ကလဲ ယား၊ ဗိုလ်မှူး တောလဘတ် တို့နှင့် အတူ အခြေ အနေ သုံးသပ် ရင်း နောက် နေ့ အတွက် စစ်ဆင် ရေး ဆွေးနွေး နေချိန် တွင် ဦးပိုင်း အမြောက် အဖွဲ့မှ ရဲဘော် များ အနက် တပ်ကြပ် မြင့်လွင် မှာ နံနက် က ပစ်ခဲ့သည့် ကျည်ဆန် ခွံ များ ကို သိမ်းဆီး နေပြီး ရဲဘော် စောခိုင် မှာ ဦးတွင်ကြိုး ကို သပ်ယပ် အောင် ခွေလျက် ရှိနေ ၍ ကျန် ရဲဘော် များမှာ အနား ယူ သူယူ၊ တာဝန် လွှဲ သူလွှဲ၊ နံနက် က ပစ်ခတ်မှု များ ကို စမြုံ့ ပြန် သူပြန် လျက် ရှိကြ ပါသည်။

- ၃ -

“ဒိုင်း” ဆိုသည့် ရိုင်ဖယ် သံ၊ “ရွှီ” ကနဲ မြည် လာသည့် ကျည်ဆန် အသံ၊ “ဖန်း” ကနဲ သံပြား ကို ကျည်ဆန် မှန် သည့် အသံ နှင့် အတူ “ဆရာ - စောခိုင် ခေါင်းမှန် သွားပြီ” ဟူသည့် တပ်ကြပ် မြင့်လွင် ၏ သတင်း ပို့သံ တို့မှာ တခုပြီး တခု ဆက် ကာ ပေါ်လာ ပြီးသည့် နောက်၊ “သင်္ဘော ခြင်း ခွာဟေ့၊ ဟို သစ်ပင် ပေါ်က စနိုက်ပါ ပစ် တာ၊ မီးခိုး တွေ့ရ တယ် ပစ်..ပစ်” ဆိုသည့် အသံ များ၊ ဘရင်း သံ၊ နှစ် ပေါင်ဒါ ပွန်ပွန် အမြောက် သံ၊ ဘိုဖါ သံ တို့မှာ လည်း တဆက် တည်း ဆက်လက် ပေါ်ထွက် လာရာ၊ တိတ်ဆိတ် နေသည့် ဘောလယ် မြစ် တလျှောက် ဆူညံ သွားတော့ သည်။

တိုက် ရေယာဉ် ၁၀၅ ဦးပိုင်း တွင်မူ ရဲဘော် စောခိုင် မှာ ဦးခေါင်း မှ သွေး တသွင်သွင် စီးလျက် သတိ မရ တရ နှင့် ပြင်းထန် သည့် ဝေဒနာ ကို ခံစား လျက် ရှိရာမှ၊ ကျွန်တော် ၏ လက်ကို ဆုတ်ကိုင် ရင်း “နာတယ် ဆရာ” ဟူသည့် ငြီးငြူ သံမှာ မပီသ လှ ပေ။ သွေးတိတ် သွားစေရန် ဆေး ပါတ် တီးစီး၊ အနာ သက် သာ စေရန် မော်ဖီးယား တလုံး ထိုးပြီး တိုက် ရေယာဉ် အား စက်ကုန် ဖွင့် စေကာ မြစ်ကျိုး အရောက် မောင်းခဲ့ ကြ သည်။ မြစ်ကျိုး မှ တဆင့် အသင့် စောင့် နေသည့် သူနာ တင်ကား နှင့် မင်္ဂလာဒုံ စစ်ဆေးရုံ သို့ ပို့ခဲ့ ပြီး သည့် နောက် တာဝန် ရှိရာ သို့ပင် ပြန်ခဲ့ ရတော့ သည်။

သုံးရက် မြောက်သည့် နေ့တွင်မူ တိုက် ရေယာဉ် များ၏ အလံ မှာ တိုင်ထိပ် သို့ မရောက် ထက်ဝက် သာလျှင် လွှင့်ထူ ထားခြင်း ဖြင့် ဗမာ့ သားကောင်း ရတနာ တယောက် ဆုံးပါး ခဲ့ရ ပြန် လေပြီ ဟူသည့် အထိမ်း အမှတ် ကို ပြလျက် ရှိတော့ သည်။

- ၄ -

ရဲဘော် စောခိုင် အား ထိမှန်သည့် ကျည်ဆန် မှာ သေနတ် ပြောင်းဝ မှ ၄င်း၏ ဦးခေါင်း ရှိရာ သို့ တည့်တည့် မတ်မတ် လာရောက် ခဲ့ခြင်း ကား မဟုတ် ခဲ့ပါ။ ဦးပိုင်း အမြောက် ဘေးရှိ ကျည်ကာ သံပြား အား ထိမှန်ပြီး မှ စွေထွက် ကာ ၄င်း၏ ဦးခေါင်း အား ထိမှန် ရခြင်း ဖြစ်ပေ သည်။ သေနတ် ပြောင်းဝ မှ ကျည်ဆန် လာရာ လမ်း တည့်တည့် တွင်မူ တပ်ကြပ် မြင့်လွင် ရပ်လျက် ရှိရာ၊ ကျည်ဆန် သာ တပေ ခန့်မြင့်ပြီး လာခဲ့ ပါမူ မြင့်လွင် အား ထိုးဖေါက် သွားမည် ဖြစ်ရာ၊ ပစ်သူ မှာ လည်း စောခိုင် ကို မမြင်နိုင် မြင့်လွင် ကိုသာ မြင်နိုင် ၍ မြင့်လွင် ကိုသာ ပစ် လိုက်ခြင်း ဖြစ်ပေ မည်။

ပစ်သည့် နေရာ မှာ လည်း မဲပလီ ရွာ ထိပ် ကုက္ကို ပင်ထက် မှ ဖြစ်လေရာ ရွာ တရွာလုံး မိမိ တပ်များ သိမ်းထား ပြီး၊ ကုက္ကိုပင် ပေါ်မှ ဆင်းပြေး ခွင့် မရ ခဲ့သည့် ကရင် လက်ဖြောင့် သေနတ် ပစ် သမား တယောက် ဖြစ် လေသည်။ ထို သစ်ပင် အောက်မှာ လည်း ရဲဘော် များ ဖြတ်သန်း သွားလာ လျက် ရှိရာ သူ ရန် မရှာ ခဲ့ပါ။ တိုက် ရေယာဉ် ၁၃၀၆ မှ ရဲဘော် များ စုစု ဝေးဝေး နှင့် ကုန်းပါတ် ပေါ်တွင် ထင်လင်း စွာ ပေါ်ပေါက် နေစဉ် ကလည်း ရန် မရှာ ခဲ့ပါ။

ထိုစဉ် က သူ့ နေရာ လူသိ မခံ လိုဘဲ၊ ညမှောင် မှ တိတ်တဆိတ် ဆင်းကာ မှောင်ရိပ်ခို ၍ ထွက်ပြေး ရန် ရည်စူး လျက် ရှိဟန် တူလေ ရာ ယခု မှပင် မည် ကဲ့သို့စိတ်ပြောင်း ၍ ပစ် လိုက်သည် ကိုလည်း ပြန်လည် မေးနေရန် အခွင့် အရေး မရှိ တော့ပေ။ ၄င်းသည် လည်း မည်သည့် ဒဏ်ရာ ကြောင့် အသက် ထွက်ရ သည် ဟုပင် မသိရ လောက်အောင် ဒဏ်ရာ ပေါင်း မြောက် များစွာ နှင့် ကေအင် ဒီအို အာဇာနည် ဗိမ္မာန် သို့ ရောက်သွား ခဲ့ပေ ပြီ။

ရဲဘော် စောခိုင် မှာ ၁၀၅ သို့ သင်္ဘော ရန်ကုန် မှ ထွက် ကာနီး နာရီဝက် အလို တွင်မှ ဆေးရုံ တက် ရဲဘော် တဦး အတွက် လူစား အဖြစ် လိုက်လာ ခဲ့သူ ဖြစ်သည်။ သင်္ဘော ဆင်းရန် လည်း ၄င်း၏ အလှည့် မကျ သေး ပါ။ မကြာမှီ က ရွှေပုဇွန် တိုက် ရေယာဉ် တွင် အမှုထမ်း စဉ် က ဓနုဖြူ တိုက်ပွဲ ၌ ဒဏ်ရာ ရခဲ့ ရာ၊ စစ် ဆေးရုံ မှ ဆင်းပြီး ကုန်းပေါ် တွင် နလံ ထ တာဝန် ပေါ့ ထမ်းဆောင် ရန် ဆေး မိန့်ချမှတ် ထားသည့် ရက် မစေ့မှီ ဇွတ် အတင်း ခွင့်ပန် လျက် လိုက် လာသူ ဖြစ်သည်။

စောခိုင် ၏ ဖခင် မှာ မန္တလေး ရှိ နာမည်ကြီး ဆရာဝန် တဦး ဖြစ်လေရာ သား ဖြစ်သူ ရေတပ် ရဲဘော် အဖြစ် ၀င်ရောက် အမှုထမ်း နေခြင်း ကို မိဘ နှစ်ပါး စလုံး က မမြင် ရက်၊ အထက် တန်း ပညာ ဆည်းပူး စေရန် သာ လိုလည်း လိုလည်း၊ တတ်လည်း တတ်နိုင် ပါလျက် စောခိုင် ၏ ဇွတ် တရွတ် အမှု ထမ်းမှု ကို မတတ် သာ ၍ ကြည်ဖြူ နေရ ခြင်း ဖြစ်လေ သည်။ တပ် ထဲတွင် လည်း လူချစ် လူခင် ပေါများ အလုပ် အ ကိုင် လည်း တော်သူ လည်း ဖြစ်လေ သည်။ ကုန်းပေါ် တွင် အမှုထမ်း ရန် စိတ်မပါ တိုက် ရေယာဉ် များတွင် သာ အမှုထမ်း လိုစိတ် ရှိလေ သည်။

- ၅ -
စစ်တိုက် သည့် အခါ လူသေ သည်မှာ မဆန်း ကြယ် ပါဟု ဆိုနိုင် ပါသည်။ စစ်သား သည် ရန်သူ အား မိမိကျည်ဆန် ဖြင့် သေစေ သကဲ့ သို့ ရန်သူ့ ကျည်ဆန် ဖြင့် မိမိ သည်လည်း အသက် ပျောက် ရခြင်း မှာ မထူးဆန်း ပါ ဟုလည်း ဆိုနိုင် ပါသည်။ ရဲဘော် စောခိုင် ကျဆုံး စဉ် တိုက် ရေယာဉ် ၁၀၅ ၏ ဦးစီးမှူး အဖြစ် အမှုထမ်း ခဲ့ရသည့် ကျွန်တော့ အဖို့ ရာ တွင်မူ စောခိုင် ကျဆုံး သည့် အကြောင်း အခြင်း အရာ များကို တခုနှင့် တခု ကွင်းဆက် ပမာ ဆက်စပ် တွေးတော မိတိုင်း ပင်၊ သေမဲ့ အခေါက် မှ စစ်ထဲ လိုက်လာ ရော့ သလား စောခိုင် ရယ် ဟူ၍ ၄င်း၊ ကျည်ထိပ် မှာ အမည် နှိပ်ကာ ပါလေရော့ သလား ရဲဘော် ရယ် ဟူ၍ ၄င်း ငြီးတွား မိပါ တော့ သည်။

ရဲဘော် စောခိုင် ကောင်းရာ သုဂတိ သို့ လား ပါစေ ....။

ဗိုလ်မှူး မောင်မောင်ကြီး (၁) (ရေတပ်) (၁၉၅၈ ခုနှစ် ထုတ် ရေတပ် စာစောင် အတွဲ - ၁ အမှတ် -၂ မှ)

No comments:

Post a Comment